Friday, March 13, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်တွင် သဘာဝအင်းမှ အိမ်ခြံမြေအဖြစ်ပြောင်းလဲခြင်းကို ကန့်ကွက်ဆန္ဒပြ

    မုဒုံမြို့နယ်တွင် သဘာဝအင်းမှ အိမ်ခြံမြေအဖြစ်ပြောင်းလဲခြင်းကို ကန့်ကွက်ဆန္ဒပြ

    -

    အင်းမြေကိုရောင်းချသည့်အတွက်ရွာသားများဆန္ဒပြနေပုံ(Facebook)
    အင်းမြေကိုရောင်းချသည့်အတွက်ရွာသားများဆန္ဒပြနေပုံ(Facebook)
    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာ နှင့် ဝက်တဲကျေးရွာရှိ သဘာဝအင်းနေရာများ အိမ်ခြံမြေအဖြစ် ရောင်းချခဲ့သည့်အတွက် တံခွန်တိုင်ကျေးရွာ ကြာကန်အင်း မှ ဝက်တဲကျေးရွာ အင်းအထိ လူအင်အား ၁၅၀ ကျော်ခန့် ယနေ့နံနက် ၆ နာရီခွဲမှစ၍ ၃ မိုင်ကျော် ကန့်ကွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

    ဆန္ဒပြသူများသည် “သဘာဝအင်းများကို သဘာဝအတိုင်းပြန်လည်ဖော်ထုတ်ရေး ၊ အခြေခံဥပဒေ ပုဒ်မ (၄၅) အရ တိကျစွာအကောင်ထည်ဖော်ရေး၊ သဘာဝအင်းကြီးပျောက်ပျက်အောင် မဆောင်ရွက်ပါနှင့်” ဟု ကြွေးကြော်ကာ ဆန္ဒပြခြင်း ဖြစ်သည်။

    ဝက်တဲကျေးရွာမှ ဆန္ဒပြသူတစ်ဦးဖြစ်သူ ဦးမောင်မြင့်က “မုဒုံက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တိုင်တယ်၊ ပြည်နယ်ကိုလည်း တိုင်ထားတယ် ဒါပေမယ့်ဘာမှလည်း အကြောင်းမပြန်ဘူး၊ အဲဒါကြောင့် ဖော်ဖော်ဝါရီလ ၂ ရက်နေ့က နေပြည်တော်ကိုသွားတိုင်တယ်၊ အဲဒါလည်း သူတို့ဘာမှ အကြောင်မပြန်ဘူး၊ ဒီအင်းကို သဘာဝအတိုင်း ထားဖို့ ဆန္ဒပြမယ်ဆိုပြီးတော့ မြို့နယ်မှာ တရားဝင် စာတင်တယ်၊ သူတို့ခွင့်ပြုလို့ အခုလိုဆန္ဒပြတာ”ဟု ပြောသည်။

    ထိုသို့ တာဝန်ရှိသူများကို တိုင်ကြားထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

    တံခွန်တိုင်ရွာမှ ဆန္ဒပြသူတစ်ဦးဖြစ်သူ ဦးမြင့်နိုင်က “ဒီကြာကန်အင်းကြီးကို သုံးလပိုင်း ၁၈ ရက်နေ့က အင်းပေါ်မှာ မြေကွက်ရိုက်ပြီး ရွာအုပ်ချုပ်ရေးမှူးတွေက မြေကွက်ချပြီးတော့ မည်သူမဆို လျှောက်လွှာနဲ့ လာရောက်လျှောက်ထားနိုင်ပါတယ် ဆိုပြီး အင်းကို သူရောင်းစားဖို့အတွက် အသံချဲ့စက်နဲ့ ရွာလှည့်ပြီး ကြေညာခဲ့တယ်” ဟု ပြောသည်။

    တံခွန်တိုင်ကျေးရွာရှိ ကြာကန်အင်းကြီးသည် ဧက ၆၀ ခန့်ကျယ်ဝန်ပြီး မြေကွက် ၄၃ ကွက် သတ်မှတ်လျာထားပြီး ရောင်းချခြင်းမရှိသေးသော်လည်း ဝက်တဲကျေးရွာရှိ ဝက်တဲအင်းသည် ၁၄ ဧကခန့် ရှိပြီး မြေကွက် ၅၄ ကွက်သတ်မှတ်ကာ ကျပ် ၅ သိန်း မှ ၂၅ သိန်းအထိ နှုန်းထားများသတ်မှတ် ထားကြောင်း ဆန္ဒပြသူများက ဆိုသည်။

    ယခုကဲ့သို့ ကန့်ကွက်ခြင်းသည် ၎င်းတို့၏ တစ်ဦးတစ်ယောက်အတွက် မဟုတ်ကြောင်း ဒေသခံပြည်သူများ အတွက်သာဖြစ်ကြောင်း၊ ယခင်ကလသည် အင်းပတ်ဝန်းကျင်တွင် သဘာဝအရ စိမ်းလန်းစိုပြေလျှက် ရှိကြောင်း သိရသည်။

    ထိုအင်းများ တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့်အတွက် ဒေသခံများက သဘာဝအတိုင်း တည်ရှိလိုသောကြောင့် အင်းမြေများရောင်းချခြင်းကို ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks