spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းပန်ဆန်းထိပ်သီးဆွေးနွေးပွဲတွင် NCA မူကြမ်းကို အဓိကထားဆွေးနွေးမည်ဟု နိုင်ဟံသာပြော

    ပန်ဆန်းထိပ်သီးဆွေးနွေးပွဲတွင် NCA မူကြမ်းကို အဓိကထားဆွေးနွေးမည်ဟု နိုင်ဟံသာပြော

    -

    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များ၏ တတိယအကြိမ် ထိပ်သီးညီလာခံကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နယ်မြေဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆန်းမြို့၌ လာမည့် မေလပထမပတ်တွင် ပြုလုပ်သွားမည်ဖြစ်ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း(NCA-Draft) ကို အဓိကထားဆွေးနွေးမည်ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ထို့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင်နှင့် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌလည်း ဖြစ်သည့် နိုင်ဟံသာက “NCA Draft ကို လက်မှတ်ထိုးပြီးတဲ့နောက်မှာ ဒါကိုကျနော်တို့ UNFC ကိုလည်း တင်ပြတယ်၊ မိမိပါတီကိုလည် တင်တယ်၊ အဲဒီမှာ ကျနော်တို့ပါတီကလည်း ထပ်ဖြည့်ရမဲ့ အချက်တွေ ရှိနေသလို UNFC ကလည်း ထပ်ဖြည့်စွက်ရမည့် အချက်တွေ ပါရှိနေတယ်၊ အခု ဆွေးနွေးပွဲမှာတော့ NCA ကို အဓိကထား ဆွေးနွေးသွားရမှာပါ” ဟု ဆိုသည်။

    အဆိုပါ ပန်ဆန်းထိပ်သီးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သဘောဆန္ဒအတိုင်း NCA မူကြမ်းအပေါ် ဖြည့်စွက်ရမည့် အချက်များနှင့် နုတ်ထုတ်ရမည့် အချက်များကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားအဖွဲ့များ၏ မေးမြန်ချက်များကိုလည်း NCCT မှ ဖြေကြားပေးရမည်ဖြစ်ကြောင်း၊ အားလုံး၏ သဘောတူညီမှုအပေါ် မူကြမ်းကို ပြုပြင်သွားမည်ဖြစ်သော်လည်း ယခုဆွေးနွေးပွဲတွင် အပြီးသတ် ဆွေးနွေးနိုင်မည်မယူဆနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

    “အခုထိပ်သီး အစည်းအဝေးမှာက NCCT အဖွဲ့မှာပါတဲ့ အဖွဲ့ဝင်တွေ အားလုံးမပါဘူး၊ NCCT ကို ကိုယ်စားမပြုနိုင်ဘူး၊ ဒါကြောင့် ကျနော်တို့ NCCT အဖွဲ့ ဝင်တွေအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ဖို့ ရှိပါတယ်၊ အဲဒီမှာ NCCT မှာ မပါဝင်တဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ယခု ပန်ဆန်းဆွေးနွေးပွဲတွင် NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ အနက် အဖွဲ့အစည်း ၆ ဖွဲ့နှင့် အခြားလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၆ ဖွဲ့ စုစုပေါင်း ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားကြောင်း၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့ရှိကြောင်း သိရသည်။

    နိုင်ဟံသာက “ကျနော်တို့က NCCT အဖွဲ့ဝင် အဖွဲ့အစည်းအပြင် တခြားလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း အားလုံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ အတူတကွ ပါဝင်ဖို့ကို ရည်ရွယ်ထားပါတယ်” ဟု ဆိုသည်။

    အပစ်အခတ်ရပ်စဲရေး မူကြမ်းနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီမှလည်း ထပ်မံဖြည့်စွက်ရမည့် အဓိက အချက်မှာ အပစ်ရပ်နယ်မြေနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဆွေးနွေးရမည် ဖြစ်ကြောင်း ဆိုသည်။

    ပန်ဆန်းဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒု-ဥက္ကဌ နိုင်ဟံသာ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီချုပ် နိုင်လယီကောင်းနှင့် ရုံးအဖွဲ့ဝင်စုစုပေါင်း ၇ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    ပန်ဆန်းထိပ်သီးညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) တို့ ဖြစ်သည်။

    အလားတူ တိုင်းရင်းလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များ၏ ဒုတိယအကြိမ် ထိပ်သီးညီလာခံကို KNU ဗဟိုဌာနချုပ် လော်ခီးလာ၌ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင်၄င်း၊ ပထမအကြိမ်ညီလာခံကို KIO ဌာနချုပ်လိုင်ဇာ၌ ၂၀၁၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင်၄င်း ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts