spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာမီဒီယာညီလာခံတွင် သတင်းသမားများ ပြန်ကြားရေးဝန်ကြီးကိုဆန္ဒပြ

    နိုင်ငံတကာမီဒီယာညီလာခံတွင် သတင်းသမားများ ပြန်ကြားရေးဝန်ကြီးကိုဆန္ဒပြ

    -

    သတင်းထောက်များကို ရိုက်နှက်ဖမ်းဆီးခြင်းရပ်တန့်ရေး ရန်ကုန်မြို့ ချက်ထရီယံ ဟော်တယ်၌ မတ်လ ၂၇ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံတကာမီဒီယာညီလာခံ အတွင်းနှင့် အပြင်ဘက်တို့တွင် မြန်မာ သတင်းသမားများက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဆန္ဒပြခဲ့ကြသည်။

    ချက်ထရီယံဟိုတယ် အဝင်ဝ တွင် သတင်းထောက်များက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် လာသည်အထိ မိဒီယာတိုက်ခိုက်မှုရပ် စာတန်းပါ ဆိုင်းဘုတ်ထူ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ညီလာခံအတွင်းတွင်လည်း သတင်းထောက် တစ်ဦး မျက်နှာဖုံး စွပ်ကာ သတင်းမီဒီယာများအပေါ် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ ရပ်တန့် ရန် စာတန်းကိုင်ကာ ဆန္ဒပြခဲ့ကြသည်။

    ထိုသို့ ဆန္ဒပြခြင်းသည် ဦးရဲထွဋ်အား ဆန္ဒပြခြင်းမဟုတ်ဘဲ အစိုးရကို သာ ဆန္ဒပြခြင်းဖြစ်ကြောင်း ညီလာခံအတွင်း၌ တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ သတင်းထောက် စိုးရာဇာထွန်းက ပြောသည်။

    “သတင်းထောက်တွေ ကို ဖမ်းဆီးထောင်ချတာပာ ဒီမိုကရေစီကိုသွားနေတဲ့ မြန်မာနိုင်ငံအနေနဲ ့ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာ မက်ဆေ့ပေးလိုက်တာ၊ ဒီလိုဆက်ဖြစ်နေရင် ဒီလိုကန်ပိန်းတွေ ထပ်လာဦးမယ်ဆိုတာ သူ့ကို ပြလိုက်တာပါ၊ နိုင်ငံတကာ မီဒီယာရှေ့မှာ ပြသင့်တယ်ထင်လို့ ကိုယ်ပြလိုက်တာပါ”ဟု စိုးရာဇာထွန်းက ပြောသည်။

    အဆိုပါနိုင်ငံတကာမီဒီယာညီလာခံ IPI ကို ဝန်ကြီးဦးရဲထွဋ် တက်မည်ဆိုသည့်အတွက် မြန်မာနိုင်ငံသတင်းဌာနအများစုမတက်ဘဲ သပိတ်မှောက်ခဲ့ကြသော်လည်း အစိုးရပိုင်မီဒီယာများ၊ အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိက မီဒီယာအချို့သာ တက်ရောက်ခဲ့ကြကြောင်း ပွဲတက်ဆန္ဒထုတ်ဖော်သူ၏ ပြောကြားချက်အရ သိရသည်။

    ထိုသို့ ဆန္ဒပြမှုများ ပြုလုပ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှု ဖြစ်ကြောင်း၊ ဆန္ဒပြမှုများ စိုးရိမ်မှုကို အသိအမှတ်ပြုကြောင်း ဦးရဲထွဋ်က ၎င်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

    “လွန်ခဲ့တဲ့ ငါးနှစ်က ဆိုရင် ဒီလို ဆန္ဒပြနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အခုဖြစ်ရပ်တွေက မြန်မာနိုင်ငံဘယ်လောက်ပြောင်းလဲ လာပြီလဲဆိုတာကို သက်သေပြလိုက်တာပဲ၊ တက်လာတဲ့နိုင်ငံတကာသတင်းသမားများကလည်း ကျွန်တော်တို့ကြားမှာ ကွဲပြားမှုတွေရှိနေသည့်တိုင် မီဒီယာလောကဟာ အတော်ပွင့်လင်းလာ ပြီလို့ လက်ခံသွားကြပါတယ်၊ မြန်မာမီဒီယာလောက ပွင့်လင်းလာပြီးဆိုတာကို လာရောက်သက်သေပြပေးသွားတဲ့ မီဒီယာသမားအားလုံးကို ကျေးဇူးတင်ပါတယ်၊ သူတို့က ကျွန်တော့် ရှင်းပြချက်ကို လာရောက်အထောက်အကူပေးလိုက်တာပါပဲ”ဟု ရေးသားထားသည်။

    ထို့အပြင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံမှ လူငယ်သတင်းသမားအများစုသည် တက်ကြွလှုပ်ရှားသူ နောက်ခံများ ဖြစ်ကြောင်း ညီလာခံတွင် ပြောကြားခဲ့သည်။

    “မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ထိန်းသိမ်းသွားမယ်၊ ဆန္ဒပြပွဲတွေမှာ သတင်းထောက်တွေ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို စုံစမ်းအရေးယူ အပြစ်ပေးသွားမယ်ဆိုတဲ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပြောဆိုခဲ့တဲ့အတိုင်း လက်တွေကအကောင်အထည်ဖေါ်ဆောင်ရွက်ပေးဖို့ IPI အနေနဲ့ ထပ်မံတိုက်တွန်းပါတယ်” ဟု IPI အမှုဆောင်ညွန်ကြားရေးမှူး Barbara Trionfi ကပြောသည်။

    အလားတူ မြန်မာနိုင်ငံအပြောင်းအလဲဖြစ်ခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ တိုးတက်မှုများအား IPI အဖွဲ့အသိအမှတ်ပြုသော်လည်း သတင်းထောက်များအား ဖမ်းဆီးထောင်ချနေခြင်း၊ မကြာမီ သီတင်းပတ်များအတွင်း ဖြစ်ပေါ်ခဲ့သောဆန္ဒပြပွဲများအတွင်း သတင်းထောက်များအား ရိုက်နှက်ဖမ်းဆီးခြင်းသည် အနုတ်လက္ခဏာ ပြယုတ်များဖြစ်ကြောင်း IPI ညီလာခံ၏ မတ်လ (၂၈) ရက်နေ့ ထုတ်ပြန်ချက်သတင်းတွင် ဖေါ်ပြထားသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပလျက်ရှိသော ၆၅ ကြိမ်မြောက် နိုင်ငံတကာ မီဒီယာညီလာခံ International Press Institute-IPI World Congress သည် စာနယ်ဇင်းကျင့်ဝတ်တိုးတက်ရေး၊ သတင်းအချက်အလက်များလွတ် လပ်စွာရရှိရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်တို့ကို ဆွေးနွေးကြသည်ဟု သိရသည်။

    နိုင်ငံပေါင်း ၆၀ မှ အယ်ဒီတာများ၊ မီဒီယာအမှုဆောင်များ၊ စာနယ်ဇင်းသမားများ၊ ထုတ်ဝေသူများနှင့် မြန်မာသတင်းမီဒီယာများ ၂၀ဝ ဦးခန့် တက်ရောက်နေသော နိုင်ငံတကာညီလာခံ(IPI)ကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ မတ်လ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks