spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဂျာနယ်အယ်ဒီတာ ၂ ဦးအား မော်လမြိုင်တရားရုံးက ၂ လစီထောင်ဒဏ်စီရင်

    ဂျာနယ်အယ်ဒီတာ ၂ ဦးအား မော်လမြိုင်တရားရုံးက ၂ လစီထောင်ဒဏ်စီရင်

    -

    အယ်ဒီတာ ၂ ဦးအား ရဲကားဖြင့်ခေါ်ဆောင်သွားစဉ်(Internet)
    အယ်ဒီတာ ၂ ဦးအား ရဲကားဖြင့်ခေါ်ဆောင်သွားစဉ်(Internet)
    ရန်ကုန်အခြေစိုက် မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နှင့် ဒုသတင်းထောက်ချုပ် ၂ ဦးတို့အား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တရားရုံးက ပုဒ်မ ၅၀ဝ အသရေဖျက်မှုဖြင့် မတ်လ ၁၈ ရက်နေ့တွင် အလုပ်မဲ့ထောင်ဒဏ် ၂ လ အမိန့်ချမှတ်ခဲ့သည်။

    ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်တို့ ပူးပေါင်း၍ Meeting and workshop with member of Mon State Htuttaw ဖိုရမ်နှင့်ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၉ တွင် မြန်မာပို့စ် ဂျာနယ်က သတင်းဖေါ်ပြခဲ့သည်ဟု သိရသည်။

    “ပညာရည်နိမ့်ပါးမှုကြောင့် တပ်မတော်သားများ လွှတ်တော်တွင် ပါဝင်နေရခြင်းဖြစ်ကြောင်း တပ်မတော်သားကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှဆို” သတင်းခေါင်းစဉ်နှင့်ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် သန်းထိုက်သူနှင့် ဒုသတင်းထောက်ချုပ် ဆန်းမိုးထွန်း ၂ ဦးတို့အား မော်လမြိုင်တရားရုံးသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုကြောင်း တရားခံရှေ့နေ ဦးထွန်းအောင်က ပြောသည်။

    ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင်ပြုလုပ်သည့် ဖိုရမ်အတွင်း ၄င်း၏ပြောကြားချက်၊ ၄င်းပြောကြားချက်မှန်ကန်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် အခြားကိုယ်စားလှယ်များ၏လက်မှတ်ထိုးထားသော မိတ္တူ၊ လွှတ်တော်တက်ရောက်သူတို့၏အမည်စာရင်း၊ ဆွေးနွေးပွဲမှတ်တမ်းတို့ ပါဝင်ကြောင်း ၄င်းကပြောသည်။

    “တရားခံနှစ်ဦးကို အချုပ်ကားနဲ့ပို့ရမယ့်အစား ရဲကားနဲ့ပို့တယ်၊ တရားခံတစ်ယောက်ရဲ့ အခွင့်အရေး ဘယ်လောက်နစ်နာ နေပါသလဲ၊ တရားလိုအနေနဲ့ သူ့ကိုဘယ်လိုထိခိုက်သွားသလဲ၊ ဘယ်လိုနစ်နာသွားသလဲ ဒါကိုပြနိုင်ရမယ်၊ ကျနော်မြင်တာက တရားလိုအနေနဲ့ ဒီသတင်းဖော်ပြချက်ကြောင့် ရာထူးကျသွားတာ အရေးယူခံရတာလည်း မရှိခဲ့ဘူး ” ဟု ဦးထွန်းအောင်က ဆက်ပြောသည်။

    ယင်းအမှုနှင့်ပတ်သက်ပြီး တရားရုံးမှ ရုံးချိန် ၂၆ ကြိမ်ခေါ်ယူပြီး တစ်နှစ်ကျော်ခန့်အမှုစစ်ဆေးခဲ့သည်ဟု သိရသည်။

    “ဒီအမှုနဲ့ ပတ်သက်လို့ကတော့ တရားစီရင်ရေးပဲ လွဲချော်တာလား၊ ဒါမဟုတ် မီဒီယာကိုပဲ နှိပ်ကွပ်နေတာလား၊ ဘာဖြစ်လို့လဲ ဆိုတော့ အယ်ဒီတာနှစ်ယောက်လုံးကို ထောင်ဒဏ် ၂ လစီ အမိန့်ချလိုက်တာ လွန်တယ်လို့တော့ မြင်တယ်၊ အယ်ဒီတာချုပ်က သူရဲ့တာဝန်ယူမှုနဲ့ အပြစ်ခံလိုက်တာပဲ၊ သတ္တိရှိတဲ့သူတစ်ယောက်လို့ ပြောရမှာပဲ” ဟု မွန်ပြည်နယ်သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောသည်။

    မွန်ပြည်နယ်အတွင်း သတင်းထောက်ကိုပါကြီးအား အာဏာပိုင်များ ဖမ်းဆီးထားစဉ်သေဆုံးမှုဖြစ်ပေါ်သည့်နောက်ပိုင်း သတင်း မီဒီယာသမား ၂ ဦးအား ထောင်ဒဏ်ချမှတ်အရေးယူခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks