မြန်မာနိုင်ငံအထက်ပိုင်းဒေသ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မုံရွာကြက်မွေးမြူရေးဇုန်အတွင်းရှိ ကြက်ငုံးမွေးမြူရေးခြံများတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ ကြက်ငုံးများ စတင်သေဆုံးခဲ့ရာ H5N1 ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း ဓာတ်ခွဲခန်းမှ အတည်ပြုနိုင်ခဲ့ပြီးနောက် မိမိတို့ပြည်နယ်တွင်း အဆိုပါရောဂါမဖြစ်ပေါ်စေရန် ကြက်၊ ငုံးနှင့် ဘဲမွေးမြူရောင်းဝယ်သူများကို အရေးပေါ်အစည်းအဝေးဆွေးနွေးခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်မွေ/ကုဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင်လှဝင်းက ပြောသည်။
“ကူးစက်ရောဂါမဖြစ်အောင် ကြိုတင်တားဆီးဖို့အတွက် တစ်ယောက်တည်း၊ တစ်ဌာနတည်း လုပ်လို့မရပါဘူး။ ကုမ္ပဏီတစ်ခုတည်းနဲ့လည်း လုပ်လို့မရဘူး။ အားလုံးမှာ တာဝန်ရှိပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါက လူကိုပါကူးစက်လာသည့်အတွက် အမျိုးသားရေးလုပ်ငန်းတစ်ရပ်အနေနှင့် ပူးပေါင်းဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ပြည်နယ်မှူးက ပြောသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးသို့ ကူးစက်ပြန့်ပွားမှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်ပါသည်ဟု ပြည်နယ်မှူးက ဆိုသည်။
မတ်လ ၅ ရက်နေ့တွင်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် မွေးမြူရေးသမားများနှင့်တွေ့ဆုံရန် ဟောပြောပွဲများလုပ်ရန် မွေးမြူရေးခြံများ လိုက်လံစစ်ဆေးရန်အတွက် ပြည်နယ်မွေး/ကုဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးခေါ်ယူခဲ့ကြောင်း ၄င်းက ပြောသည်။
“ကိုယ့်ဒေသမှာတော့ မဖြစ်သေးဘူးပေါ့လေ။ တခြားဒေသကကြက်တွေမှာတော့ ပါလာမှာတော့ စိုးရိမ်တယ်။ ကိုယ့်ဒေသမှာ ပျံ့သွားနိုင်တယ်လေ” ဟု မော်လမြိုင်မြို့ ဦးနိုဒင်ကြက်မွေးမြူရောင်းဝယ်ရေးဒိုင်က ပြောသည်။
ကြက်တစ်ကြိမ်နှင့်တစ်ကြိမ်မွေးမြူရာတွင် ယခင်က သန့်ရှင်းရေး၊ ရောဂါပိုးကင်းစင်ရေးအတွက် ၁၀ ရက်ခြားလုပ်ခဲ့သော်လည်း အခုအခါတွင် ရက်ပေါင်း ၂၀ ခြားပြီးမှသာ နောက်ထပ်တစ်ကြိမ် ပြန်လည်မွေးမြူကြောင်း အဆိုပါဒိုင်က ပြောသည်။
ကြက်ဘဲမွေးမြူသူများအနေဖြင့် မိမိခြံသည် ရောဂါဖြစ်သည်ဟု သံသယရှိပါက မွေး/ကုဌာနသို့ အသိပေးကြရန်နှင့် တစ်မြို့မှတစ်မြို့သို့ ဖြတ်သန်းပါက တိရစ္ဆာန်ကျန်းမာကြောင်းထောက်ခံချက်ရှိသည့်ကြက်ဘဲများကိုသာ ဖြတ်သန်းခွင့်ပြုမည့်ဟု ပြည်နယ်မှူးကပြောသည်။
မွန်ပြည်နယ်အတွင်း ဥစားကြက် ၂၆၀ဝ၀ဝ၊ အသားစားကြက် ၉ သိန်းနီးပါး၊ ဥစားဘဲ ၂ သိန်းခန့်နှင့် အသားစားဘဲ ၁ သိန်းခွဲခန့်ရှိကြောင်း ပြည်နယ်မှူးက ပြောသည်။
မွေးမြူရေးလုပ်ကိုင်သူများ၊ မွေးမြူရေးနှင့်ဆက်နွယ်သည့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဆိုပါကူးစက်ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးရန် ပြည်နယ်မှူးမှ တိုက်တွန်းသည်။