spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးလျှပ်စစ်စက်ရုံထောက်ခံလက်မှတ် လိမ်လည်ကောက်ခံခဲ့ဟုပြော

    အံဒင်ကျောက်မီးသွေးလျှပ်စစ်စက်ရုံထောက်ခံလက်မှတ် လိမ်လည်ကောက်ခံခဲ့ဟုပြော

    -

    ရေးမြို့နယ်ရှိ အံဒင်ကျေးရွာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ထောက်ခံကြောင်း နေပြည်တော် သမ္မတရုံးသို့ တင်ပြထားသည့် လက်မှတ်များသည် လိမ်လည်လက်မှတ်များသာ ဖြစ်ကြောင်း ထောက်ခံအမည်စာရင်းတွင် ပါဝင်သူများက ပြောသည်။

    ထောက်ခံအမည်စာရင်းတွင် ပါဝင်သူများအနက် ၃၅ ဦးက မတ်လ ၁၀ ရက်နေ့က ရေးမြို့၊ အောင်မေတ္တာရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်သည့် “အံဒင်ကျေးရွာတွင် ပြုလုပ်မည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအား ထောက်ခံလက်မှတ် ရေးထိုးခဲ့ရသည့်အပေါ် ရှင်းလင်းတင်ပြခြင်း” သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

    လိမ်လည်ခံရသူ ၃၅ ဦး၏သတင်းစာရှင်းလင်ပွဲ(IMNA)
    လိမ်လည်ခံရသူ ၃၅ ဦး၏သတင်းစာရှင်းလင်ပွဲ(IMNA)

    အောင်မေတ္တာရပ်နေ ဒေါ်မြင့်ဦးက “သူတို့ လက်မှတ်လာကောက်တုန်းကတော့ လျှပ်စစ်မီးရမယ်။ ကျွန်မလည်း ခေါင်းညိတ်မိပါတယ်။ ကျောက်မီးသွေးစက်ရုံကလား ကျွန်မက မေးတော့ မဟုတ်ပါဘူးတဲ့။ သန်းခေါင်းစာရင်းလေး ပေးပါလားတဲ့။ သန်းခေါင်းစာရင်း ပေးလိုက်တယ်။ အကုန်လုံး နာမည်တွေ ရေးသွားတယ်။ ကျွန်မတို့က လက်မှတ်မထိုးရဘူး” ဟု ပြောသည်။

    လက်မှတ်များ လာရောက် ကောက်ယူစဉ်တွင် လျှပ်စစ်ဓါတ်အား တစ်ယူနစ် ၂၅၀ ကျပ်ဖြင့် ဖြန့်ဝေပေးမည်၊ အလုပ်အကိုင် ရရှိမည်၊ ကျောင်းသူ ကျောင်းသားများအတွက် အခွင့်အရေး ရရှိမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိပါက ပြုလုပ်ပေးမည်ဟု စည်းရုံးကာ ကလေးငယ်များ၏ အမည်စာရင်းများကိုလည်း ရေးမှတ်သွားခဲ့သည်ဟု ထောက်ခံအမည်စာရင်း ပါဝင်သူများက ရှင်းလင်းပွဲတွင် ပြောကြားကြသည်။

    လက်မှတ် ကောက်ယူသူများတွင် အောင်မေတ္တာရပ်ကွက်မှ ဆယ်အိမ်မှူး ၂ ဦး ပါဝင်ရာ လက်မှတ်များ ကောက်ခံခဲ့ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန်ရပ်ကွက်ရုံးသို့ ခေါ်ယူခဲ့သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိကြောင်း အောင်မေတ္တာရပ်ကွက် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ညို က ပြောသည်။

    သူက “အံဒင်ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်တဲ့သူ ရှိသလို၊ ထောက်ခံတဲ့သူလည်း ရှိတယ်၊ လွတ်လပ်စွာ လုပ်လို့ရတယ် ဆိုတာလောက်ပဲ ကျွန်တော်တို့ သဘောထားခဲ့တယ်။ မီတာခ ၂၅၀ တို့ ဆိုတာဟာ ကျွန်တော်တို့ လုံးဝ မသိခဲ့ရဘူး၊ ရပ်ကွက်သူ ရပ်ကွက်သားတွေ အပေါ်မှာ လိမ်လည်ပြီး လုပ်သွားတယ်ဆိုတာ နောက်မှ ကျွန်တော်တို့ သိရတယ်။ ဒီလူတွေကို ဖြေရှင်းဖို့အတွက် ရုံးကို ခေါ်တာပဲ။ ဒါပေမဲ့ မလာဘူး” ဟု ပြောသည်။

    ဇန်နဝါရီလတွင် စီမံကိန်း လိုလားသူအချို့က ထောက်ခံလက်မှတ်များကို ရေးမြို့ရှိ ရပ်ကွက်အချို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် တိတ်တဆိတ် လိုက်လံကောက်ယူခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စီမံကိန်း ထောက်ခံသူ ၆,၂၆၅ ဦး၏ အမည်စာရင်းတကွ နေပြည်တော် သမ္မတရုံးသို့ လိပ်မူကာ တင်ပြခဲ့သည်။

    တာဝန်ယူ တင်ပြသူ ၄ ဦးတွင် အောင်မေတ္တာရပ်ကွက် ဆယ်အိမ်မှူးနှစ်ဦး ပါဝင်ပြီး၊ ၎င်းတို့၏ နေရပ်လိပ်စာကိုလည်း အံဒင်ကျေးရွာဟု လိမ်လည်ထည့်သွင်း ဖော်ပြထားသည်ကို ပူးတွဲပေးပို့ချက်တွင် တွေ့ရှိရသည်ဟု ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က ပြောသည်။

    YSS သည် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို အစဉ်တစိုက် ကန့်ကွက်ခဲ့သည့် အဖွဲ့တစ်ခု ဖြစ်ပြီး၊ လက်မှတ်များ လိမ်လည် ကောက်ခံခဲ့ခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာကာ စုံစမ်းဖော်ထုတ်သွားမည်ဟုလည်း ၎င်းတို့၏ ဖေဖော်ဝါရီလ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks