တစ်နိုင်ငံလုံး ကျောင်းသားနှင့် ပြည်သူပါဝင်သည့် အားကောင်းသော သပိတ်မဖြစ်ပေါ်စေရန် အစိုးရအပေါ်၌သာ မူတည် နေကြောင်း မွန်ပြည်နယ်ကျောင်းသားခေါင်းဆောင် ကိုဘုန်းမြတ်မိုးက ယနေ့တွင် IMNA သို့ ဖုန်းဖြင့် ပြောသည်။
လက်ရှိ လက်ပန်တန်းမြို့နယ်တွင် သပိတ်မှောက်နေသော ပင်မသပိတ်စစ်ကြောင်း ကျောင်းသားများအား အစိုးရလုံခြုံရေး အင်အားအပြည့်ဖြင့် တားဆီးထားခြင်းနှင့် ပတ်သတ်၍ မွန်ကျောင်းသားခေါင်းဆောင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အစိုးရကို အဓိက ထားပြီး ပြောချင်တာက နေ့လည်တုန်းက ကိစ္စလိုမျိုးကို ထပ်မလုပ်ဖို့၊ အကြမ်းဖက်မှု ပြုလုပ်ပါက သူတို့အစိုးရရဲ့ တာဝန် သာဖြစ်ပါတယ်။သပိတ်မှောက် ကျောင်းသားတွေကိုတော့ ပါးနပ်မှုရှိပါ။ ပန်းတိုင်ထိ တိုက်ပွဲဝင်မယ်လို့ လည်း ယုံကြည်ပါတယ်။ အမျှော်အမြင်ကြီးစွာနဲ့ အောင်ပွဲယူနိုင်ပါစေလို့ အကြံပြုပါတယ်။ ကျောင်းသားအကြမ်းဖက်ခံရရင် ဒီထက် ပိုမို ပြင်းထန်တာတွေ လုပ်ဆောင်မှာပါ။ ကျောင်းသားတွေကိုသာ အကြမ်းဖက်ပါက တနိုင်ငံလုံး က ကျောင်းသားတွေ ပြည်သူတွေ လက်တွဲပူးပေါင်းပေးဖို့ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ စည်းရုံးသွားမယ်”ဟု ဘုန်းမြတ်မိုးက ပြောသည်။
ယနေ့ မတ်လ ၃ ရက်နေ့တွင် အစိုးရ လုံထိန်းများနှင့် ကျောင်းသားများ ထိပ်တိုက်ရင်ဆိုင်မှုများရှိခဲ့ရာ ကျောင်းသူ တစ်ဦးအား ရဲတပ်ဖွဲ့မှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည့်အပြင် ပင်မသပိတ်အား တားဆီးထားပြီး ကျောင်းသားများ အနေဖြင့် နေလည်ခန့်မှာစ၍ ယခုအထိ အစာအငတ်ခံ သပိတ်မှောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့အတူ အစိုးရမှ ကျောင်းသားသပိတ်များအပေါ် ယင်းသို့ အကြမ်းဖက်ဖြိုခွင်းခြင်းအား လုံးဝလက်မခံကြောင်း မြေလတ်ဒေသ ကျောင်းသားခေါင်းဆောင် ကိုချစ်ဝင်းမောင်က ပြောသည်။
“ကျွန်တော်တို့ မှာကျောင်းသားစိတ်ဓာတ် တော့ရှိတယ်၊ တစ်ယောက်ကျ သွားရင် တစ်ယောက်ဆက်တက်မှာပါ။”ဟု ကိုချစ်ဝင်းမောင်က ပြောသည်။
လက်ရှိအချိန်တွင် အမျိူးသားပညာရေးဥပဒေအားကန့်ကွက်နေကြသည့် ကျောင်းသားခေါင်းဆောင်များအား လွှတ်တော်မှ မတ်လ ၅ ရက်နေ့ တွင် လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်းလည်း သိရသည်။
ထို့အပြင် မွန်၊ ကယား၊ ရှမ်း၊ ကချင်ပြည်နယ် ကျောင်းသားသမဂ္ဂများမှ လည်း လက်တလောကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးထိုင်ခဲ့ပြီး ည ၇ နာရီ အချိန်ခန့်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် အစိုးရမှ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကတိပေးထားသော အချက်များအား ဖောက်ဖျက်နေသည်ဟု ယူဆကြောင်း၊ ကျောင်းသားသပိတ်များအား အကြမ်းဖက်မှုများအပေါ် ကန့်ကွက်ကြောင်း၊ အကြမ်းဖက်မှုများ မလုပ်ရန် အစိုးရအား တိုက်တွန်းကြောင်း၊ ၎င်းတို့ သမဂ္ဂများအနေဖြင့် တိုင်းရင်းသားစာပေ ထိန်းသိမ်းမြင့်တင်သော ဒီမိုကရေစီ ပညာရေးတစ်ရပ်ပေါ်လာသည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ သပိတ်မှောက်ကျောင်းသားများ တောင်းဆိုတိုက်ပွဲဝင် နေမှုများအား တိုက်ရင်းသားပြည်သူလူထု တစ်ရပ်လုံးပါဝင်ပေးရန် တိုက်တွန်းကြောင်းစသည့် ၅ ချက်တို့ တောင်းဆို ထားသည်။
ယနေ့ည ၆ နာရီ အချိန်အထိ လက်ပန်တန်းရောက်သပိတ်မှောက်ကျောင်းသားများနှင့် ပဲခူးတိုင်း နယ်လုံဝန်ကြီး တို့ ဆွေးနွေးခဲ့ကြရာ ကျောင်းသားများအနေဖြင့် ရန်ကုန်သို့ ကားဖြင့်တက်ရန် ပါဝင်သော အချက်၈ ချက်ကို တောင်းဆိုထားပြီး ယနေ့ညတွင် ကျောင်းသားနှင့်လုံထိန်းများ ရောက်ရှိရာနေရာတွင် နေထိုင်ရန် သဘောတူညီမှု ရရှိခဲ့သည်။