spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၁၁ ချက်ကို လွှတ်တော်၌ အတည်ပြုပြီးမှသာ ကျောင်းသားများ သပိတ်လှန့်မည်ဟုဆို

    ၁၁ ချက်ကို လွှတ်တော်၌ အတည်ပြုပြီးမှသာ ကျောင်းသားများ သပိတ်လှန့်မည်ဟုဆို

    -

    အမျိူးသားပညာရေး ဥပဒေနှင့်ပတ်သတ်၍ ပြင်ဆင်ရန် ကျောင်းသားတို့ ဘက်မှ တောင်းဆိုထားသည့် အချက် ၁၁ ချက်အား အစိုးရမှ သဘောတူခဲ့သော်လည်း လွှတ်တော်၌ အတည်ပြုပြီးမှသာ ကျောင်းသား သပိတ်စစ်ကြောင်းများ လှန့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ တက်ရောက်သော ကျောင်းသားခေါင်းဆောင်များထံမှ သိရသည်။

    အဆိုပါ အစည်းအဝေးအား ယမန်နေ့ နံနက် ၉: ၃၀ နာရီတွင် ကျင်းပခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ National Network for Education Reform (NNER) နှင့် ကျောင်းသားခေါင်းဆောင်များ တစ်ဘက်လျှင် လူ ၂၀ ဦးခန့် တက်ရောက်ခဲ့ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ရာ ညနေ ၆ နာရီကျော်တွင် အချက် ၁၁ ချက်လုံး သဘောတူညီမှု ရရှိခဲ့ကြောင်း ကျောင်းသားများက ဆိုသည်။

    “၁၁ ချက်လုံးကို အစိုးရက မူအားဖြင့် လက်ခံတယ်၊ ၁၁ ချက်လုံး ကျွန်တော်တို့က မရမချင်းတိုက်မှာပါ လွှတ်တော်က မပြင်မချင်းပေါ့၊ အခု အစိုးရက လက်ခံလာပေမဲ့ လွှတ်တော်က လက်ခံလာအောင် ကျွန်တော်တို့ လုပ်ရဦးမှာပါ၊ လွှတ်တော်ကို ဘယ်လိုလက်ခံလာအောင် လုပ်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သပိတ်အားလုံးက ကျောင်းသားတွေ ပြန်ပြီး ဆွေးနွေးဖို့ လိုသေးတယ်၊ ပြီးမှ ဆက်ပြောနိုင်မှာပါ” ဟု ဆွေးနွေးပွဲတက်ရောက်လာသည့် မွန်ပြည်နယ်မှ ကျောင်းသားခေါင်းဆောင် ဘုန်းမြတ်မိုး က ပြောသည်။

    တွေ့ဆုံမှုတွင် အစိုးရမှ တောင်းဆိုထားသော သပိတ်စစ်ကြောင်း တပ်လှန့်ရေး ကိစ္စနှင့် ပတ်သတ်၍ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အထိ သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ မဝင်ရန် ကျောင်းသားဘက်မှ သဘောတူခဲ့ကြောင်း ဘုန်းမြတ်မိုးက ဆက်ပြောသည်။

    “အကြိုဆွေးနွေးထားတဲ့ အချက် ၉ ချက်နဲ့ ကျန်တဲ့ အချက် ၂ ချက်ကို ဒီနေ့ ဆွေးနွေးနိုင်ခဲ့ပါတယ်၊ အောင်မြင်ပါတယ်၊ ပြီးမှ သပိတ်အကြောင်း ဆွေးနွေးခဲ့ပါတယ်၊ ကျွန်တော်တို့ သွားနေတဲ့ အဆင့်က ၃ ဆင့်ရှိပါတယ်၊ ပထမ အဆင်က ကျွန်တော်တို့ တောင်းဆိုနေတဲ့ ၁၁ ချက်ကို ပဏာမ အဆင့် သဘောတူရမယ်၊ အခု ပြီးသွားတဲ့ အဆင့်ပေါ့၊ နောက်တစ်ဆင့်က အမျိူးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီ ၁၁ ချက်ကို ဖြည့်စွက်ပြီး ရေးစွဲရမယ်၊ နောက်ဆုံး အဆင့်ကတော့ ကျွန်တော်တို့ ကျောင်းသားတွေ လိုချင်တဲ့အတိုင်း ဥပဒေကို လွှတ်တော်မှာ အတည်ပြုပေးရမယ်၊ အဲဒါပြီးမှ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ရောက်မှာပါ၊ လွှတ်တော်မှာ အတည်ပြုပြီးမှ သပိတ်စစ်ကြောင်းကို လှန်မှာပါ” ဟု မြေလတ်ဒေသ ကျောင်းသားခေါင်းဆောင် ချစ်ဝင်းမောင်က ပြောသည်။

    လာမည့် ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ တွင် အမျိူးသားပညာရေး ဥပဒေအားပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲရန် ၄ ပွင့်ဆိုင် အစည်းအဝေး ပြန်ထိုင်မည်ဖြစ်ကြောင်း သိရသည်။

    လက်ရှိ သပိတ်ကျောင်းသားများ သပိတ်မလှန်ဘဲ ရန်ကုန်သို့ ဝင်ရောက်လာပါက ကျောင်းသားများအတွက် စိုးရိမ်ရကြောင်း ၄ ပွင့်ဆိုင် အစည်းအဝေးတက်ရောက်သော အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။

    “ဒီနေ့ ဆွေးနွေးပွဲမှာ ကျွန်တော် စိတ်မကောင်းတဲ့ အချက်တွေကတော့ သပိတ်မလှန်တဲ့ ကိစ္စပါဘဲ၊ သူတို့ တောင်းဆိုတဲ့ အချက် ၁၁ လုံးကို လိုက်လျောပြီး တာတောင် သူတို့ သပိတ်က ရန်ကုန်ကို တက်ချင်တယ်၊ ကျွန်တော်တို့ က စိုးရိမ်တာပါ၊ ရန်ကုန်ဝင်လာရင် ရန်ကုန်က တော်တော်လူရှုပ်တယ်၊ ဗရုတ်သုတ်ခ ဖြစ်ရင် တစ်ခုခုဖြစ်နိုင်တယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    ထို့ပြင် အမျိူးသားပညာရေး ဥပဒေအား ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲပြီးပါက လာမည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း၊ သို့သော်မည်သည့်လွှတ်တော်တွင် တင်သွင်းမည်ကို အတိအကျ မသိရသေးကြောင်း ဒေါက်တာ ဗညာအောင်မိုးက ဆက်ပြောသည်။

    လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပထမအကြိမ် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို အစိုးရဘက်မှ ခေါ်ယူ ကျင်းပခဲ့ပြီး နှစ်ဘက်တင်းမာမှု များဖြစ်၍ ကျောင်းသားသပိတ်များ ပိုမိုအားကောင်းလာပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ်ဆွေးနွေးပွဲကို ပြန်လည်ကျင်းပ ခဲ့ပြီး ကျောင်းသားများ တောင်းဆိုသော အချက် ၁၁ ချက်ကို အစိုးရမှ ချွင်းချက်မရှိ သဘောတူညီခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks