spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းUNFC ထပ်မံဆွေးနွေးမှုကို အစိုးရလက်မခံဟု နိုင်ဟံသာပြော

    UNFC ထပ်မံဆွေးနွေးမှုကို အစိုးရလက်မခံဟု နိုင်ဟံသာပြော

    -

    လွန်ခဲ့သည့်လကုန်ပိုင်းတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တောင်းဆိုချက်နှင့် ယခုလ စောစောပိုင်းတွင် အစိုးရဘက်မှ တင်ပြတောင်းဆိုလာသည့် အချက်များ ကွဲလွဲနေသည့်အပေါ် ထပ်မံညှိနှိုင်းရန် UNFC လာရောက်ဆွေးနွေးမှုကို အစိုးရလက်မခံကြောင်း UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    ယခုလ ၉ ရက်နေ့တွင် UNFC ကိုယ်စားလှယ်အဖွဲ့နှင့် အခြားသောတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့၏ ကိုယ်စားလှယ်များ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် ပြန်လည်တွေ့ဆုံညှိနှိုင်းမည့်ကိစ္စကို လက်မခံခြင်းဖြစ်သည်။

    နိုင်ဟံသာက “ကျနော်တို့ဘက်က UNFC အနေနဲ့ သွားဖို့ကို ရည်ရွယ်ထားတာပါ၊ သူတို့ဘက်က UNFC အနေနဲ့ မဖိတ်ပဲ အဖွဲ့အစည်းတစ်ဖွဲ့ချင်းကို ဖိတ်ထားတဲ့အတွက် ကျနော်တို့ UNFC အနေနဲ့ သွားရောက် ဆွေးနွေးမှာကို လက်မခံနိုင်ဘူးလို သူတို့ အကြောင်းပြန်လာပါတယ်” ဟု ဆိုသည်။

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးသဘောတူညီချက်ကို မူအရ လက်ခံထားပြီးဖြစ်ကြောင်း သမ္မတ၏ ပြောဆိုမှုအပေါ် အတည်ပြု မေးမြန်ခြင်း၊ အစိုးရပြောဆိုသည့် ဖက်ဒရယ်ပြည်ထောင်စုသည် မည်သို့မည်ပုံဖြစ်သည်ကို အတိအကျ သိစေလိုရန် တင်ပြခြင်းအပေါ် အစိုးရမှ ပယ်ဖျက်ခဲ့ကြောင်း၊ အစိုးရမှ ဖက်ဒရယ်ပြည်တောင်စု တည်ဆောက်ခြင်းကို မူတခုအဖြစ် တိတိကျကျ မချမှတ်ရသေးကြောင်း၊ ရှေ့ဆက်ဆွေးနွေးပွဲတွင် ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်အပေါ် အခြေခံ၍ တည်ဆောက်သွားမည်ဟု အစိုးရဘက်မှ အကြောင်းပြန်ကြားခဲ့ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    “အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ တိကျတဲ့ ကတိကို အစိုးရဘက်က မပေးနိုင်ဘူး၊ သူတို့ဘက်က အပေါ်ယံလောက်ပဲ ပြောနေတယ်၊ ကတိမပေးနိုင်ဘူး လက်မှတ်မထိုးနိုင်ဘူး ဖြစ်နေတယ်” ဟု ဆက်ပြောသည်။

    ထိုကိစ္စရပ်နှင့် ပတ်သက်၍ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    ယင်းထုတ်ပြန်ချက်တွင် သမတထံသို့ UNFC မှ တင်ပြတောင်းဆိုရာတွင် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသည့် အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူသည်၊ အဆိုပါ သဘောတူညီမှုနှင့်အညီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းသွားကြရန် အခိုင်အမာ သံန္ဓိဌာန် ပြုကြပါသည်” ဟု၍ ကြေညာချက်တွင် ဖော်ပြထားသည်။

    ယခုလက်ရှိ နေပြည်တော်တွင် UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ချင်းနှင့် တွေ့ဆုံမှုပြုလုပ်လျှက် ရှိကြောင်း၊ ထိုတွေ့ဆုံဆွေးနွေးမှုသည် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် တစ်စုံတရာ လက်မှတ် ရေးထိုးနိုင်ရန် ဆွေးနွေးနေကြကြောင်း သိရသည်။

    အလားတူ ယခုလ ၃ – ၇ ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုကော်မတီ အစည်းအဝေးတွင်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးရန် အဆင်သင့် မဖြစ်နိုင်သေးကြောင်း သုံးသပ်ဆုံးဖြတ်ခဲ့ကြသည်။

    သိုသော်လည်း UPWC နှင့် NCCT တို့၏ လာမည့်ပြည်ထောင်စုနေ့ နောက်ပိုင်းတွင် ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks