“ကျနော်တို့ပါတီက ၁ ဦးနဲ့ NLD က ၁ ဦး စုစုပေါင်း ၂ ဦးကိုပဲ ခေါ်ယူတွေ့ဆုံတာပါ။ အဓိကကတော့ မော်လမြိုင်မြို့မှာ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး မပူးပေါင်းပါဝင်ဖို့ ပြောတာပါ” ဟု မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောသည်။
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတစ်ဦးမှ ကျောင်းသားလှုပ်ရှားမှုတွင် မပါဝင် မပူးပေါင်းရန် မနေ့က ခေါ်ယူတွှေ့ဆုံခြင်းသာဖြစ်ကြောင်း နိုင်စိုးမြင့်က ဆိုသည်။
“ကျနော်တို့က (ကျောင်းသားသပိတ်) ပူးပေါင်းဆောင်ရွက်တာတွေ မရှိပါဘူး၊ လမ်းပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကို ကျနော်တို့က ရေတိုက် တယ်၊ အားပေးတာပါ” လို့ နိုင်စိုးမြင့်က ဆိုပါသည်။
မွန်အမျိုးသားပါတီအနေဖြင့် ကျောင်းသားများတောင်းဆိုနေသည့် ဒီမိုကရေစီပညာရေးစနစ်၊ မိခင်ဘာသာသင်ကြားရေးပါဝင်သည့် အချက် ၁၁ ချက်တောင်းဆိုချက်ကိုထောက်ခံကြောင်း ၄င်းက ပြောသည်။
မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပါတီ ၂ ခုကို ခေါ်တွေ့တာ မှန်ပါတယ်၊ အဓိကကတော့ တည်ငြိမ်ရေးနှင့် ပေါင်းစပ်ရေး အတွက် ခေါ်ယူတဲ့သဘောပါ ဟု ပြောသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သည့် သပိတ်မှောက် ကျောင်းသားများသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ သာသနာဗိမာန်မှ မော်လမြိုင်တက္ကသိုလ်သို့ ချီတက်ဆန္ဒပြခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖားအောက်ကျေးရွာရှိ နည်းပညာတက္ကသိုလ် (မော်လမြိုင်သို့) ချီတက်ဆန္ဒပြကြပြီး ထိုမှတဆင့် မွန်ပြည်နယ်အတွင်းရှိ ပေါင်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုတို့မှတဆင့် ရန်ကုန်သို့ဆက်လက်ချီတက်သွားကြကြောင်း သိရသည်။