spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းချောင်းတောင်တူးမြောင်းကို ယခုလကုန်တွင် အပြီးသတ်မည်

    ချောင်းတောင်တူးမြောင်းကို ယခုလကုန်တွင် အပြီးသတ်မည်

    -

    မွန်ပြည်နယ်၊ ရေးမြို့ကို ရေကြီးခြင်းနှင့် ကမ်းပါးတိုက်စားခြင်းမှ ကာကွယ်ရန်အတွက် ယခုတူးဖော်လျက်ရှိသည့် ချောင်းတောင်တူးမြောင်းကို ဖေဖော်ဝါရီလကုန်တွင် အပြီးသတ်နိုင်လိမ့်မည်ဟု ကန်ထရိုက် ရရှိထားသည့် Peace and Fine Construction ကုမ္ပဏီမှ စီမံကိန်း ဒါရိုက်တာ ကိုအောင်ဇော်ဦး က ပြောသည်။

    နိုင်ငံတော် ခွင့်ပြုငွေ ၅၉၆ သိန်းကျပ်ဖြင့် အပေါ်အကျယ် ၆၀ ပေ၊ အောက်အကျယ် ၃၀ ပေ၊ အနက် ၁၅ ပေ၊ အရှည် ၇၅၀ ပေ ရှိသည့် ထိုတူးမြောင်း စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၂ ခုနှစ်တွင် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်တူးဖော်ခဲ့ခြင်း ဖြစ်သည်။

    ကိုအောင်ဇော်ဦး က “ဒီလိုတူးလိုက်ခြင်းအားဖြင့် ရေးဘက် ဈေးအနီးမှာ ကမ်းပါးတိုက်စားတာတွေ လျော့သွားမယ်၊ ဒီရေကြီးမှုနဲ့ မိုးရေကြီးမှုလည်း အများကြီး သက်သာသွားမယ်၊ နောက်တော့ ချောင်းတောင် ဘက်မှာလည်း ကမ်းပါးပြိုတာ သက်သာသွားမယ်” ဟု ပြောသည်။

    တူးမြောင်းတူးဖော်ရာ မြေသည် နုံးတင်မြေနုများ ဖြစ်ပြီး၊ အထက်၌ မြေသား ၅ ပေသာရှိ၍၊ အောက်တွင် ရွှံ့နှင့် သဲကျောများရှိခြင်းကြောင့် တူးဖော်ရာတွင် အခက်အခဲ ရှိကြောင်း၊ ၎င်းပြင် မြောင်းဟောင်း၊ ကျင်းဟောင်းများ ရှိနေသည့်အတွက် အောက်ခံခိုင်မာမှုရရန်နှင့် မြေမပြိုအောင် တိုးချဲ့တူးဖော်ရခြင်းများလည်း ရှိကြောင်း သူက ဆက်ပြောသည်။

    တူးမြောင်း တူးဖော်ခြင်းအပြင်၊ တစ်ဖက်ကမ်းတွင် အရှည် ၅၆၄ ပေ၊ အစွယ် ၂၁၀ ပေနှင့် အနက် ၇ ပေရှိ နုံးတင်မြေနုကျွန်းဆွယ်အား မြေသား ဖြတ်၍ ရေကြောင်း တည့်စေခြင်းများကိုလည်း လုပ်ဆောင်လျက် ရှိပြီး၊ ရေစီးဆင်းမှု အတားအဆီး မဖြစ်စေရန် တူးမြောင်းတွင် နှုတ်ခမ်းဘောင်ထားမည် မဟုတ်ကြောင်းလည်း ကိုအောင်ဇော်ဦး က ပြောသည်။

    သူက “ကမ်းပါးစွယ် ဖြတ်တူးတဲ့နေရာမှာတော့ သောင်က ရေတက်ရေကျနဲ့ လုပ်နေရတယ်ဆိုတော့ ၂၀၁၄ ဘတ်ဂျက်နှစ် ကုန်ခါနီးမှ အပြီးသတ်နိုင်မယ်” ဟု ပြောသည်။

    တူးမြောင်း တူးဖော်ခြင်းကြောင့် ချောင်းတောင်ကျေးရွာ တောင်ဘက်နှင့် မြောက်ဘက် နှစ်ပိုင်းကွဲသွားပြီး ဆက်သွယ်သွားလာနိုင်မည့် အရှည်ပေ ၁၃၀ ရှိ ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်း ဆောက်လုပ်ရန်အတွက် နိုင်ငံတော် ခွင့်ပြုငွေကျပ် ၁၇၃ ဒသမ ဝ၂ သန်းဖြင့် ပြည့်ဇာနည် ကုမ္ပဏီကလည်း ဆောက်လုပ်လျက် ရှိသည်။

    တူးမြောင်း တူးဖော်ရာတွင် စီမံကိန်း ဧရိယာရှိ မြေပိုင်ရှင် နှစ်ဦး၏ မြေ ၂ ဒသမ ၃၉ ဧက ပါဝင်ပြီး၊ ပိုင်ရှင်နှစ်ဦးက လျော်ကြေးငွေ သိန်း ၆၀ တောင်းခံထားကြောင်းနှင့် မိမိတို့မှ ဒေသပေါက်ဈေးနှင့် ချိန်ညှိကာ လျော်ကြေးငွေ ရရှိရေးအတွက် မြို့နယ်သို့ ထပ်ဆင့်တင်ပြ တောင်းခံပေးထားကြောင်း ချောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းပို က ပြောသည်။

    ရေးမြစ်သည် မြစ်ကြောင်း ကောက်ကွေ့ခြင်းကြောင့် နှစ်စဉ် ရေကြီးပြီး၊ ကမ်းပါး ရေတိုက်စားခြင်းကိုလည်း ခံနေရသည်။ ၎င်းပြင် ချောင်းတောင်ကျေးရွာဘက်တွင်လည်း နှစ်စဉ် ဝ ဒသမ ၅ ဧကခန့် ကမ်းပါးများ ပြိုကျလျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks