spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းဆန္ဒပြကျောင်းသားများကို မွန်အမျိုးသားပါတီ ထောက်ခံကြိုဆို

    ဆန္ဒပြကျောင်းသားများကို မွန်အမျိုးသားပါတီ ထောက်ခံကြိုဆို

    -

    ယနေ့ဖေဖော်ဝါရီ ၉ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ အမျိုးသားပညာရေး ဥပဒေအား ဆန့်ကျင်ဆန္ဒပြသော သပိတ်ကျောင်းသားများကို မွန်အမျိုးသားပါတီက အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စိုးမြင့်က ပြောသည်။

    ဒီမိုကရေစီပညာရေးစနစ် ကျောင်းသား သပိတ်စစ်ကြောင်းသည် မော်လမြိုင်မြို့ သာသနာ့ဗိမာန်မှ စတင်ထွက်ခွာခဲ့ပြီး မော်လမြိုင် တက္ကသိုလ်သို့ ချီတက်ခဲ့ကြရာ မော်လမြိုင်ဈေးကြို လမ်းမပေါ်တွင် မွန်အမျိုးသားပါတီမှ ကြိုဆိုသည့် ဆိုင်းဘုတ်များ စိုက်ထူထားကြောင်း သိရသည်။

    နိုင်စိုးမြင့်က “မွန်အမျိုးသားပါတီက ကျောင်းသားတွေကိုတော့ အပြည့်အဝ ထောက်ခံတယ်၊ ဒီမိုကရေစီပညာရေးစနစ်ရယ်၊ မိခင်ဘာသာစကား သင်ကြားရေးဆိုင်ရာ အချက်ကိုလည်း ထောက်ခံတယ်၊ အခုလိုကျောင်းသားတွေရဲ့ လှုပ်ရှားမှု သပိတ်မှောက်တိုက်ပွဲဝင် နေတာကိုလည်း အပြည့်အဝ ထောက်ခံတယ်” ဟု ဆိုသည်။

    ထိုသို့ထောက်ခံသော်လည်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်မှာ သပိတ်ကျောင်းသားများ၏ နောက်ကွယ်တွင် နိုင်ငံရေးပါတီတစ်ချို့ ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ မိမိတို့ မွန်အမျိုးသားပါတီမှ ကျောင်းသားများကို တိုက်ရိုက် ကူညီထောက်ပံ့မှုများ ပြုလုပ်လို သော်လည်း လုပ်ဆောင်၍မရကြောင်း၊ သို့သော်လည်း ကျောင်းသားထုကို အပြည့်အဝ ထောက်ခံကြောင်း နိုင်စိုးမြင့်က ဆက်ပြောသည်။

    သူက“ ကျနော်တို့ မွန်ကျောင်းသားတွေလည်း ဒီကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်ဖို့ အတွက်ကိုလည်း တိုက်တွန်းပါတယ်၊ ကျနော်တို့ပါတီကလည်း တိုက်ရိုက်ပါဝင်ဖို့က မဖြစ်နိုင်ဘူး၊ အစိုးရကလည်း ဒါကိုစောင့်ကြည့်နေတဲ့ အနေအထားမှာရှိနေပါတယ်” ဟု ဆိုသည်။
    ယခုလက်ရှိ ကျောင်းသားများ သပိတ်မှောက် တောင်းဆိုနေသည့် ပညာရေးဥပဒေနှင့်ပတ်သက်၍ ပညာရေးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေးပါတီများအားလုံး ယင်ဥပဒေ အတည်မပြုခင်ကတည်းက တောင်းဆိုထားကြောင်း၊ ထိုသို့တောင်းဆိုထားသော်လည်း ပြည်ထောင်စု လွှတ်တော်မှ ဂရုစိုက်မှုမရှိဘဲ ဥပဒေကိုအတည်ပြုခဲ့သည့်အတွက် ယခုကဲ့သို့ ဆူပူမှုဖြစ်လာကြောင်း မွန်ပြည်နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    အလားတူ တချို့သော ပြည်သူလူထုများမှလည်း ကျောင်းသားလှုပ်ရှားမှု သပိတ်နှင့်အတူ အတန်းတင်စာမေးပွဲများ ဖြေဆိုရန်အချိန်နှင့် နီးကပ်နေသည့်အတွက် သပိတ်မလိုလားသည့် ပြည်သူများလည်း ရှိကြောင်း သိရသည်။

    ဒေါက်တာအောင်နိုင်ဦးက “ကျောင်းသားတွေရဲ့အမြင်ရော တစ်ချို့ပြည်သူတွေရဲ့ အမြင်ရော ၂ ခုလုံးမှန်ပါတယ်၊ ဘာလို့လည်းဆိုတော့ ကျောင်းသားဘက်ကလည်း အခုကတည်က မတောင်းဆိုဘူးဆိုရင် နောက်လာမဲ့ ရွေးကောက်ပွဲကိစ္စရယ်၊ အခြေခံဥပဒေပြုပြင်ရေးတွေ ရှုပ်လာဦးမယ်ဆိုတော့ နောက်မှ တောင်းဆိုမယ်ဆိုရင် မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့် အမျိုးသားပညာရေးဥပဒေကြမ်း ပြန်လည်ပြုပြင် ဖို့အတွက်ကို အခုကတည်းက တောင်းဆိုကြတယ်၊ တဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဒီဥပဒေကို ပြုပြင်ပြောင်းလဲဖို့ဆိုတာက ပြည်ထောင်စု လွှတ်တော်မှာအာဏာရှိနေတယ်၊ ဒါကြောင့် ပညာရေးဝန်ကြီးဌာန၊ လွှတ်တော်နဲ့ ဗဟိုအစိုးရမှာ ဆွေးနွေး၍ ပြုပြင်မယ်ဆိုရင် အေးအေးဆေးဆေး ဖြစ်လာနိုင်မယ်ဆိုပြီး မြင်ကြတယ်၊ ဒါကြောင့် ၂ ဖက်စလုံးရဲ့ အမြင်က မမှားဘူးလို့ ကျနော်မြင်တယ်” ဟုဆိုသည်။

    ထိုမျှမက အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ယခင်စောစောပိုင်းတောင်းဆိုသည့် အချိန်တွင် ပြုပြင်ပြောင်းလဲမှုတစုံတရာ ပြုလုပ်ခဲ့လျှင် ယခုကဲ့သို့ တစ်နိုင်ငံလုံး ကျောင်းသားလှုပ်ရှားမှု ဖြစ်လာနိုင်မည် မဟုတ်ကြောင်း၊ ယခုပြသနာကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းသင့်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    ယနေ့ဆန္ဒပြသည့် ကျောင်းသားများသည် အချက် ၁၁ ချက်ကိုတောင်းဆိုခဲ့ကြောင်း၊ မွန်ပြည်နယ် ကျောင်းသားအဖွဲ့နှင့် ထားဝယ် ကျောင်းသားအဖွဲ့တို့သည် မော်လမြိုင်တက္ကသိုလ်ရှေ့သို့ရောက်ရှိသော်လည်း ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ကြောင်း၊ မနက်ဖြန် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထားဝယ် ကျောင်းသားများ ရန်ကုန်သို့ ဆက်လက်ချီတက်ကြမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks