spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထားဝယ်တက္ကသိုလ်ကျောင်းသားများ ရေးမြို့၊ ရွှေဆံတော်စေတီတွင် သစ္စာဆို

    ထားဝယ်တက္ကသိုလ်ကျောင်းသားများ ရေးမြို့၊ ရွှေဆံတော်စေတီတွင် သစ္စာဆို

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ရန်ကုန်သို့ ချီတက်မည့် သပိတ်မှောက် ကျောင်းသားများ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နေ့လည်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့သို့ ရောက်ရှိစဉ် ရွှေဆံတော်စေတီရင်ပြင်တွင် အောင်မြေနင်း သစ္စာဆို ဆုတောင်းခဲ့ကြသည်။

    ထားဝယ်ကျောင်းသားများ ရေးမြို့ရွှေဆံတော်ဘုရားရောက်ရှိစဉ်(AKKA)
    ထားဝယ်ကျောင်းသားများ ရေးမြို့ရွှေဆံတော်ဘုရားရောက်ရှိစဉ်(AKKA)
    “အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ သပိတ်မှောက် တောင်းဆိုပါမည်။ ဤမှန်သော သစ္စာ စကားကြောင့် ကျွန်ုပ်တို့ ရည်မှန်းချက် အောင်မြင်ရပါစေသား” ဟု သစ္စာဆိုကြသည်။

    အင်အား ၁၅ ဦး ပါဝင်သည့် စစ်ကြောင်းသည် သစ္စာမဆိုမီတွင် ရန်ကြီးအောင်ရပ်ကွက်ရှိ စက်မှုတန်း၌လည်း သပိတ်မှောက် ရသည့်အကြောင်းကို ခဏတာ ဟောပြောခဲ့သေးသည်။

    ထားဝယ်ကျောင်းသားများ မုဒုံမြို့တွင် ချီတက်ဆန္ဒပြစဉ်(Facebook)
    ထားဝယ်ကျောင်းသားများ မုဒုံမြို့တွင် ချီတက်ဆန္ဒပြစဉ်(Facebook)

    “အမျိုးသား ပညာရေး ဥပဒေကို ကျွန်တော်တို့ လက်ခံလိုက်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးဟာ နောက်ထပ် အနှစ်တစ်ရာလောက် အောက်ဆုံးမှာ ရောက်နေဦးမယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ခုလို တိုက်ပွဲဝင်နေရခြင်း ဖြစ်ပါတယ်” ဟု ထားဝယ် နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုဇင်မောင်ဖြိုး က ပြောသည်။

    သပိတ်မှောက်စစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် ရေးမှ မော်လမြိုင်သို့ ဆက်လက်ချီတက်ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်၌ မွန်၊ ကရင် ကျောင်းသားစစ်ကြောင်းများနှင့် ပူးပေါင်းကာ သာသနာ့ဗိမာန်မှ တက္ကသိုလ်ရှေ့ထိ လမ်းလျှောက်ဆန္ဒပြကြမည် ဖြစ်သည်။

    “မော်လမြိုင်က စစ်ကြောင်းတွေနဲ့ ပူးပေါင်းပြီး မနက်ဖြန်မှာ သပိတ်မှောက်ပါ့မယ်။ နောက်က လိုက်လာမယ့် သူတွေလည်း ရှိပါတယ်။ လမ်းမှာ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး” ဟု ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုမင်းလွင်ဦး က ပြောသည်။

    လမ်းတစ်လျှောက်တွင် ဒေသခံများ၏ အားပေးမှုများကို ရရှိခဲ့ပြီး သောက်ရေနှင့် အစားအစာများကို ကူညီပေးခဲ့သည့် အတွက် စိတ်ခွန်အား ဖြစ်မိကြောင်း သူက ပြောသည်။

    သပိတ်မှောက် ကျောင်းသားများအား ရေးဒေသခံ ၈၈ မျိုးဆက် ကျောင်းသားများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် အားပေးသူများက ရေးမြို့အဝင်တွင် ကြိုဆိုခဲ့ကြပြီး၊ မော်လမြိုင် ထွက်ခွာစဉ်တွင်လည်း မြို့ထွက်ဂိတ်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ကြသည်။

    ထိုမှတဆင့် ရေး-မော်လမြိုင်ကားလမ်းမကြီးအတိုင်း သံဖြူဇရပ်-မုဒုံမြို့များတွင် ဆက်လက်ချီတက်ဆန္ဒပြရာ မြို့ခံများ ကြိုဆိုခဲ့ကြသည့်သတင်းများ လူမှုကွန်ယက် Fecebook စာမျက်နှာတွင် ဓါတ်ပုံနှင့်တကွ ဖတ်ရှုရသည်။

    အဆိုပါ ထားဝယ်တက္ကသိုလ်ကျောင်းသား စစ်ကြောင်းသည် မွန်ပြည်နယ်ကျောင်းသားများနှင့် ဆက်လက်ပူးပေါင်းကာ ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဆက်လက်ဆန္ဒပြမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks