spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ကျောင်းသားများ ပညာရေးဥပဒေအား သပိတ်မှောက်မည်

    မွန်ပြည်နယ်ကျောင်းသားများ ပညာရေးဥပဒေအား သပိတ်မှောက်မည်

    -

    မွန်ပြည်နယ်ကျောင်းသားများ လာမည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မော်လမြိုင်မြို့ မြို့ပေါ်နေရာများ၌ ပညာရေးဥပဒေအား လမ်းလျှောက်ကန့်ကွက် ဆန္ဒပြ သပိတ်မှောက်မည်ဖြစ်ကြောင်း အဆိုပါသပိတ်ဦးဆောင်သော မွန်ပြည်နယ် ကျောင်းသား သမဂ္ဂမှ သိရသည်။

    ထားဝယ်ခရိုင်ကျောင်းသားများ သပိတ်ချီတက်စဉ်(Internet)
    ထားဝယ်ခရိုင်ကျောင်းသားများ သပိတ်ချီတက်စဉ်(Internet)
    အဆိုပါသပိတ်တွင် ပညာရေး ဥပဒေအောက်ရှိ တိုင်းရင်းသားဘာသာ သင်ကြားရေးနှင့် ကျောင်းသားထုအခွင့်အရေးတို့အား အဓိကတောင်းဆို သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ကျောင်းသား သမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကိုဘုန်းမြတ်မိုးက ပြောသည်။

    “လောလောဆယ်တော့ ၉ ရက်နေ့ တစ်ရက်ဘဲ အကြမ်းဖျဉ်းအစီအစဉ်ဆွဲထားတယ်၊ ဘယ်နှစ်ရက် ဆက်တိုက်လုပ်မယ် ဆိုတာ ကျောင်းသားထု အင်အားအပေါ်ကြည့်ပြီး ဆက်ဆုံးဖြတ်မယ်၊ ကျွန်တော်တို့ တောင်းဆိုနေတဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို အစိုးရ က ခေါ်ယူညှိနှိုင်းရင် အဆင်ပြေနိုင်ပါတယ်” ဟု ကိုဘုန်းမြတ်မိုးက ပြောသည်။

    မွန်ပြည်နယ်ကျောင်းသား အနေဖြင့် ရန်ကုန် သပိတ် စစ်ကြောင်းများနှင့် သွားရောက်ပူးပေါင်းရန် လတ်တလော အစီအစဉ် မရှိသော်လည်း ခွင့်ပြုချက်ယူ၍ သပိတ်ချီတက်မည် မဟုတ်ကြောင်း သူကဆိုသည်။

    သို့ရာတွင် ဧရာဝတီ ၊ ထားဝယ်၊ မော်လမြိုင် ကျောင်းသား သပိတ် စစ်ကြောင်း သုံးခုသည် ရန်ကုန်သို့ မဝင်မီ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပေါင်းစည်းမည်ဟု ကျောင်းသားသပိတ် ခေါင်းဆောင်များက ပြောကြောင်း မဇ္ဈိမသတင်းအရ သိရသည်။

    ကျောင်းသားများ တောင်းဆိုထားသည့် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲအား အစိုးရမှ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ စည်းကမ်း သတ်မှတ်ချက် ၉ ချက် ဆွေးနွေးနေစဉ်အချိန်တွင် အစိုးရမှ ဖေဖော်ဝါရီလ ၁၂ ရက်နောက်ပိုင်းသို့ ရက်ရွှေ့ ဆိုင်းခဲ့ပြီးနောက် ယခင်စစ်ကြောင်းများထက် သပိတ်မှောက်ကျောင်းသား အင်အားများ များပြားလာခြင်း ဖြစ်သည်။

    ထိုကဲ့သို့ ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုမိန့် မတင်ဘဲ သပိတ်မှောက်ပါက အာဏာပိုင်တို့၏ ဖိနှိပ်မှုများ ခံရနိုင်ကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “သူတို့ အခွင့်အရေး သူတို့ တောင်းဆိုနေတာ သူတို့ မမှားဘူး၊ အခုလည်း ကျွန်တော်တို့ လွှတ်တော်နိုင်ငံရေးအရ တောင်းဆို နေတာဘဲလေ၊ ပညာရေးဥပဒေမှာလည်း တိုင်းရင်းသားစာပေတွေ အတွက် ခိုင်မာတဲ့ အချက်တွေမပါဘူး၊ ငြိမ်းချမ်စွာစုဝေးခွင့် မတင်ထားရင် ကျွန်တော်တို့ အကာအကွယ်ပေးနိုင်ဖို့ အတွက် ပြောဖို့ခက်တယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြော သည်။

    အမျိူးသား ပညာရေးဥပဒေအားကန့်ကွက်သည့် နယ်ပယ်အသီးသီးရှိ ကျောင်းသားများက ဇန်နဝါရီလ အတွင်း ခရီးရှည် သပိတ်စစ်ကြောင်းများ စတင်ခဲ့ပြီး မွန်ပြည်နယ်ကျောင်းသားများ အနေဖြင့် မနက်ဖြန် ၉ ရက်နေ့တွင် မြို့တွင်းသပိတ် ပထမ ဆုံးအကြိမ် ချီတက်ခြင်းဟု ဆိုသည်။

    သို့ရာတွင် အမျိူးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပညာရေးဥပဒေသည် တိုင်းရင်းသားတို့၏ ပညာရေးအတွက် များစွာပြီးပြည်စုံပြီး အမြန်ဆုံး အကောင်အထည်ဖော်သင့်သည့် ဥပဒေဖြစ်ကြောင်း လွတ်လပ်သောမွန် သတင်းအေဂျင်စီ IMNA သို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖုန်းဖြင့် ဖြေကြားခဲ့သည်။

    “ပညာရေး ဥပဒေက တိုင်းရင်းသားတွေ အတွက် အများကြီး ပြည့်စုံပါတယ်၊ ပြင်ဆင်ဖို့ မလိုဘူးလို့တော့ မပာုတ်ဘူး၊ ဒါပေမဲ့ ကျင့်သုံးဖို့ တော့ လိုအပ်နေပြီ၊ အသုံးချဖို့လည်းကောင်းနေပြီ၊ ဒီလောက် ပြည့်စုံတဲ့ဥပဒေ တစ်ခါမှမရှိဖူးဘူး၊ သပိတ်မှောက် ကျောင်းသားတွေအမြင်က ဒီဥပဒေနဲ့ သိပ်မကွဲဘူး၊ ကွဲပြားနေတာက ကျောင်းသား သမဂ္ဂကိစ္စပဲ” ဟု ၄င်းက ပြောသည်။

    မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ အနေဖြင့် ယခုလအစောပိုင်းအတွင် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပညာရေးစနစ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုဖေဖော်ဝါရီလ ၉ ရက်နေ့တွင် သမဂ္ဂ၏ ဒုတိယခြေလှမ်းအဖြစ် သပိတ် မှောက်လှုပ်ရှားမှု ဖြစ်မည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks