spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရေး အလျင်စလိုမဖြစ်သင့်ဟု NMSP ဥက္ကဌပြော

    တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးရေး အလျင်စလိုမဖြစ်သင့်ဟု NMSP ဥက္ကဌပြော

    -

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးနိုင်ရေး အလျင်စလိုမဖြစ်သင့်ကြောင်း မွန်ပြည်သစ်ပါတီဗဟို ကျင်းပသော (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား အပြီးတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဦးဆောင်သည့် အဖွဲ့တို့၏ လက်ရှိဆွေးနွေးနေမှုအား သုံးသပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    နိုင်ထောမွန်က “လက်မှတ်ထိုးတဲ့ကိစ္စက အရင်လိုလို့မရဘူး၊ UNFC ရဲ့ အစီအစဉ်က မှန်တယ်လို့ ကျနော်တို့မြင်တယ်၊ စည်းကမ်းသတ်မှတ်ချက် အရာအားလုံးက သေခြာရမယ်၊ သေခြာမှ လက်မှတ်ထိုးဖို့ကို စဉ်းစားရမယ်၊ ဆွေးနွေးမှုကလည်း တကဲ့စေတနာအမှန်နဲ့ လုပ်တယ်ဆိုရင် ကိစ္စက ပြီးနေပြီ၊ အခုဟာက လားရာတည့်တည့်မတ်မတ်အတိုင်း မသွားဘူး၊ အချိန်ဆွဲနေတယ်လို့ပဲ ကျနော်တို့မြင်တယ်” ဟု ဆိုသည်။

    လက်ရှိအပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်ရလဒ်များသည် အစိုးရဘက်မှ လက်ခံလာသော်လည်း စစ်တပ်ဘက်မှ လက်မခံသည့် သဘောထားများတွေ့မြင်လာရပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ထိုးစစ်ဆင်လာကြောင်း၊ ၄င်းအပြုအမူတို့သည် အစိုးရ၏ နိုင်ငံရေးလှည့်ကွက်များသာ ဖြစ်ကြောင်း နိုင်ထောမွန်က ဆက်ပြောသည်။

    အလားတူ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေမှုသည် တစ်ဆို့နေဆဲဖြစ်ကြောင်း၊ ယခုအချိန်သည် နိုင်ငံတကာမှ စောင့်ကြည့်သည့် အနေအထားတွင် တိုင်းရင်းသားအားလုံးအတွက် အခွင့်ကောင်း အချိန်ကောင်းဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်တွင်း နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့စည်းတို့ ကြိုးပမ်းသွားရန် (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား မိန့်ခွန်းတွင် နိုင်ထောမွန် တိုက်တွန်းပြောကြားခဲ့သည်။

    ထို့အပြင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူများအတွက်ဖြစ်သည့်အလျှောက် ပြည်သူများလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တတ်နိုင်သည့် ဘက်ကပါဝင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် နိုင်ငံရေးပါတီ တစ်ခုထဲ၏ တာဝန်မဟုတ်ကြောင်း၊ ပြည်သူအားလုံး အမျိုးသမီးများ လူငယ်များအားလုံးပါဝင်မှသာလျှင် မိမိတို့ပြည်သူများ လိုလားတောင့်တနေသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုသို့ အမြန်ဆုံးရောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး အတူတကွ လက်တွဲ အကောင်အထည် ဖော်သွားကြရန် နိုင်ထောမွန်က ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီ ဦးစီးကျင်းပသည့် (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများနှင့် ထိုင်းနိုင်ငံဖွား မွန်တိုင်းရင်းသားများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    အဆိုပါအခမ်းအနားသို့ (၆၈) ကြိမ်မြောက်မွန်အမျိုးသားနေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပေးပို့သော သဝဏ်လွှာများကို အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

    တပို့တွဲလပြည့်ကျော် ၁ ရက်နေ့(ဖေဖော်ဝါရီ ၄ ရက်)တွင် ကျရောက်သည့် (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသား ရောက်ရှိနေထိုင်ရာ မြို့ရွာတိုင်းနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks