Saturday, March 14, 2026
More
    spot_img
    Homeသတင်း၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ထိုင်းနိုင်ငံတွင်ကျင်းပခဲ့

    ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ထိုင်းနိုင်ငံတွင်ကျင်းပခဲ့

    -

    ထိုင်းနိုင်ငံရှိ မွန်လူမျိုးများ ဦးဆောင်၍ ယမန်(ဇန်နဝါရီလ ၂၅ ရက်)နေ့ နံနက်ပိုင်းတွင် ကန်ချနပူရီခရိုင်၊ စိုင်ယွတ် မြို့နယ်ရှိ ဖုသခင် ဘုန်းတော်ကြီးကျောင်းဝင်း၌ ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို စည်ကားစွာ ကျင်းပခဲ့သည်။

    ၆၈ ကြိမ်မြောက်၊ မွန်အမျိုးသားနေ့ (ထိုင်းနိုင်ငံ) ဖြစ်မြောက်ရေးကော်မတီဝင် နိုင်ဝင်းစိုးက “အဓိက ကျနော်တို့ရည်ရွယ်တာက ဒီဒေသမှာရှိတဲ့ မွန်လူမျိုးတွေရဲ့ အမြင်တွေ ပွင့်လင်းလာစေဖို့၊ မျိုးချစ်စိတ်ဓာတ်တွေ ပြန်လည်နိုးထလာစေဖို့အတွက် ကျနော်တို့ရဲ့ စိုင်ယွတ်ဒေသမှာ မွန်လူမျိုးတွေရှိနေသေးတယ် ဆိုတာကို သိစေလို့တဲ့ ရည်ရွယ်ချက်နဲ့အခုလိုအခမ်းအနားကို လုပ်ဖြစ်တာပါ” ဟု ဆိုသည်။

    အခမ်းအနားမကျင်းပမီအကြိုညတွင် ရှေ့ခေတ် မွန်ဝတ်စားဆင်ယဉ် ထုံးဖွဲ့မှုများ၊ ဒေသခံတို့၏ ရိုးရာ ယဉ်ကျေးမှုအကများ၊ တေးသရုပ်ဖော်များ၊ ဟံသာဝတီ မွန်ယဉ်ကျေးမှုအဖွဲ့တို့မှ ကပြဖျော်ဖြေခဲ့သည်။

    နိုင်ဝင်းစိုးက “လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဒီက ထိုင်းမွန်တွေက ပြည်တွင်းက မွန်အမျိုးသားနေ့အခမ်းအနားကို သွားတက်မယ့်သူတွေလည်းရှိနေတော့ အခုလိုအကြိုရက်တွေမှာ ပြုလုပ်ရ တာပါ” ဟု ဆိုသည်။

    ယင်းအခမ်းအနားသို့ ထိုင်းနိုင်ငံရှိ ၃၆ ခရိုင်မှ ထိုင်းနိုင်ငံဖွား မွန်လူမျိုးများ၊ ထိုင်းနိုင်ငံရောက်ရွေ့ပြောင်း မွန်အလုပ်သမားများ၊ နယ်စပ်ရှိ မွန်တိုင်းရင်းသားများ အင်အား ၁ သောင်းခန့် အခမ်းအနား တက်ရောက်ခဲ့ကြောင်း ဦးစီးကျင်းပသူများထံမှ သိရသည်။

    အခမ်းအနား တက်ရောက်ခဲ့သည့် မွန်ယဉ်ကျေးမှု(ဂီတ)ဆရာ နိုင်ထောပိုင်က “ မွန်အမျိုးသားနေ့ကို သူ့နေ့ရက်ရောက်မှ လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချတားတာမရှိဘူး ၊ အဲဒီနေ့မရောက်ခင်လည်း အမျိုးသားနေ့ကို အသိအမှတ်ပြုတယ်ဆိုရင် ကျင်းပလို့ရတာပဲ၊ ရည်ရွယ်ချက်ပန်းတိုင်က အတူတူပဲ” ဟု ဆိုသည်။

    ထိုင်းမွန်တို့၏ ရှေးဟောင်းမွန်ယဉ်ကျေးမှု အဆိုအကများကိုလည်း ဖျော်ဖြေရေးကဏ္ဍတွင် လေ့လာတွေ့ရှိရသည်ဟု သူက ပြောသည်။

    “ထိုင်းမွန်တွေမှာ ရှေးခေတ်က နည်းအတိုင်း ယဉ်ကျေးမှုကိုထိမ်းသိမ်းထားနိုင်တာတွေ့ရတယ်၊ ဒါပေမယ့် ရှာဖွေတီထွင် ဖန်တီးချက်အသစ်တွေ သိပ်မတွေ့မိဘူး” ဟု နိုင်ထောပိုင်က သုံးသပ်သည်။

    ၆၈ ကြိမ်မြောက် ထိုင်းနိုင်ငံမွန်အမျိုးသားနေ့အခမ်းအနား(Facebook)
    ၆၈ ကြိမ်မြောက် ထိုင်းနိုင်ငံမွန်အမျိုးသားနေ့အခမ်းအနား(Facebook)
    ၆၈ ကြိမ်မြောက်မွန်အမျိုးသားနေ့သည် လာမည့် ဖေဖော်ဝါရီလ ၄ ရက်(တပို့တွဲလပြည့်ကျော် ၁ ရက်) နေ့တွင် ကျရောက် မည်ဖြစ်ပြီး မွန်ပြည်နယ်၊ ရေးမြို့တွင် မွန်တစ်မျိုးသားလုံးကိုယ်စားပြု ဗဟိုစင်မြင့်အခမ်းအနားနှင့် ထိုင်းမြန်မာနယ်စပ် ဂျပန်ရေတွင်း၌ မွန်ပြည်သစ်ပါတီဗဟိုအနေဖြင့် စစ်အခမ်းအနားကျင်းပမည်ဟု ကြေညာချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks