Homeသတင်းညီစားမွန်အမျိုးသားပညာရေး အထက်တန်းကျောင်းဆောင်သစ်ဖွင့်လှစ်

ညီစားမွန်အမျိုးသားပညာရေး အထက်တန်းကျောင်းဆောင်သစ်ဖွင့်လှစ်

-

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသား ပညာရေးဌာန ညီစားစခန်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ကျောင်းသူ ကျောင်းသား ၂၇၅ ဦး သင်ကြားနိုင်မည့် အထက်တန်းကျောင်းဆောင်သစ် ၂ ဆောင် ဖွင့်ပွဲ ကျင်းပခဲ့သည်။

အလျား ၉၆ ပေ၊ အနံ ၃၂ ပေ၊ အမြင့် ၁၁ ပေရှိ တစ်ထပ်သံကူကွန်ကရစ် ထိုကျောင်းဆောင်သစ် နှစ်ဆောင်ကို ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Swiss Agency for Development and Cooperation (SDC) နှင့် နတလတို့ ပူးပေါင်းကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး ကုန်ကျတန်ဖိုး ၂၁၈၄ သိန်းကျော် ရှိကြောင်း သိရသည်။

ညီစားအထက်တန်းကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲ(နန်းနွယ်)
ညီစားအထက်တန်းကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲ(နန်းနွယ်)

ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသည့် ကျောင်းသားမိဘတစ်ဦးက “ဒီကျောင်းက ကလေးတွေကတော့ မွန်နဲ့ အင်္ဂလိပ်စာမှာတော့ ထူးချွန်ကြတယ်။ အရင်က အဆောက်အဦ မကောင်းပေမယ့် ခုလိုသပ်သပ်ရပ်ရပ်နဲ့ ကလေးတွေ ပညာသင်ကြားနိုင်အောင် လုပ်ပေးကြတဲ့ အဖွဲ့အစည်းတွေကို အရမ်းကျေးဇူး တင်တယ်” ဟု ပြောသည်။

ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် အပါအဝင်၊ နတလ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသူ ကျောင်းသားများ စုစုပေါင်း ၅၀ဝ ဦးခန့် တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ပညာရေး စုံညီပွဲတော် ကျင်းပကာ မွန်ရိုးရာ အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

“ဒီကျောင်းမှာ မွန်ပြည်နယ်တို့၊ ပဲခူးတိုင်းတို့က မွန်တွေလည်း လာတက်ကြတယ်။ မွန်ဘာသာ အပါအဝင် လက်ရှိ မြန်မာနိုင်ငံမှာ သင်နေတဲ့ ပညာရေးစနစ်အတိုင်း သင်ကြားပေးပါတယ်” ဟု အဆိုပါကျောင်းရှိ အလယ်တန်းသင် ဆရာမ မိစရာဲနွန်က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရတို့မှ ၁၉၉၅ ခုနှစ် ပထမအကြိမ် အပစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ၁၉၉၆ ခုနှစ်မှ စတင်၍ မွန်အမျိုးသားကျောင်းမှ ကျောင်းသူ ကျောင်းသားများ အစိုးရ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုခွင့် ရရှိခဲ့သည်။

လက်ရှိအချိန်ထိ မွန်အမျိုးသားကျောင်းမှ ကျောင်းသူ ကျောင်းသား ၅၅၆ ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ဖြစ်သည်ဟု မွန်အမျိုးသား ပညာရေး ကော်မတီမှ မိလဝီဟန်က ပြောသည်။

မွန်အမျိုးသားကျောင်း၏ တစ်နှစ်တာ အသုံးစရိတ်မှာ ကျပ်သိန်း ၅၅၀ဝ ခန့် ရှိပြီး ၎င်းအနက် ဆရာများ၏ လစာမှာ သိန်း ၄၀ဝ၀ ကျော် ရှိသည်ဟုလည်း သူက ဆက်ပြောသည်။

မွန်အမျိုးသားကျောင်း ဆရာများသည် အလွန်နည်းပါးသည့် လစာဖြင့် ပညာသင်ပေးနေကြပြီး ယခုနှစ်မှ စတင်ကာ ယခင်လစာ ၂၀ဝ၀ဝ ကျပ်မှ ၅၀ဝ၀ဝ ကျပ်သို့ တိုးမြင့်ပေးခဲ့သည်။ ၎င်းအနက် World Education မှ တစ်လလျှင် ဆရာတစ်ဦးအတွက် ၁၂၀ဝ၀ ကျပ် ထောက်ပံ့ပေးကြောင်း သိရသည်။

မွန်အမျိုးသား ပညာရေးဌာနတွင် မွန်အမျိုးသားကျာင်း ၁၄၂ ကျောင်း၊ အစိုးရနှင့် တွဲဖက်သင်ကြားသည့်ကျောင်း ၁၀၇ ကျောင်း၊ Post-ten အထက်တန်းလွန်ကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၃ ကျောင်းနှင့် အလယ်တန်းကျောင်း ၁၂ ကျောင်း ပါဝင်သည်။

ညီစားမွန်အမျိုးသားပညာရေး အထက်တန်းကျောင်းသည် မွန်ပြည်နယ်၊ အရှေ့ဖက်ရေးချောင်းဖျားဒေသ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်အနီးတွင် တည်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts