spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးလျှပ်စစ်စက်ရုံမပြုလုပ်ရန် အာဏာပိုင်များထံ ဆရာတော်များမေတ္တာရပ်ခံ

    ကျောက်မီးသွေးလျှပ်စစ်စက်ရုံမပြုလုပ်ရန် အာဏာပိုင်များထံ ဆရာတော်များမေတ္တာရပ်ခံ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီးတွင် တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံစီမံကိန်း ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ဒေသခံ ဆရာတော်များက မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီးတို့အား သွားရောက်တွေ့ဆုံ မေတ္တာရပ်ခံခဲ့သည်။

    ဆရာတော်များ ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်(Naiaung Naing FB)
    ဆရာတော်များ ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်(Naiaung Naing FB)
    ဂျပန်သို့ ကျောက်မီးသွေးလျှပ်စစ်စက်ရုံလေ့လာသူများ(Facebook)
    ဂျပန်သို့ ကျောက်မီးသွေးလျှပ်စစ်စက်ရုံလေ့လာသူများ(Facebook)
    အံဒင်ကျောင်း လက်ထောက်ဆရာတော် အရှင်နန္ဒက “ဦးပဉ္ဇင်းတို့ ဘက်က ဒါယကာ၊ ဒါယိကာမတွေရဲ့ ကိုယ်စား သူတို့ရဲ့ စိုးရိမ်မှုတွေကို တင်ပြတယ်။ ဒီစီမံကိန်းကို မလုပ်ဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု မိန့်သည်။

    ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အင်အား ၄၀ဝ ကျော် ရှိသည့်ဒေသခံများက ရေးမြို့ပေါ်တွင် ယင်းစက်ရုံစီမံကိန်းအား ကန့်ကွက်စီတန်းလှည့်လည်ဆန္ဒပြခဲ့ပြီး ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦး၏ အကူအညီဖြင့် စီမံကိန်းဒေသဝန်းကျင် အံဒင်ကျေးရွာအုပ်စုဝင် အံဒင်၊ သာဂရမ်၊ ရွာသစ်ဓမင်းဆိပ်၊ နှီးနှူနှင့် နှီးကရုတ် ကျေးရွာများမှ ကျောင်းထိုင်ဆရာတော် ၅ ပါး၊ လက်ထောက်ဆရာတော် ၃ ပါးနှင့် ဒါယကာတစ်ဦးတို့က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။

    လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ က “စီမံကိန်းသည် ရွာနှင့် နီးကပ်လွန်းသည့်အတွက် မလုပ်ဆောင်သင့်ကြောင်းနှင့် အနည်းဆုံး ရွာနှင့် ငါးမိုင်ခန့် ကွာဝေးရမည် ဖြစ်ကြောင်း၊ သံဃာတော်များ၏ တင်ပြချက်ကို အလေးအနက်ထားကာ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပေးမည် ဖြစ်ကြောင်း” ဆရာတော်များအား ပြန်လည်လျှောက်တင်ခဲ့သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ထို့အပြင် ဆရာတော်များက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် တွေ့ဆုံခဲ့ရာတွင်လည်း “ယခုစီမံကိန်းသည် လေ့လာမှုအဆင့်သာ ရှိသေးပြီး အစိုးရမှ တရားဝင် ခွင့်ပြုထားခြင်း မရှိသေးကြောင်း၊ ဒေသခံများ၏ ဆန္ဒမပါဘဲ အစိုးရအနေဖြင့် ခွင့်ပြုပေး၍ မရကြောင်း၊ ထိုင်းနှင့် ဂျပန်သို့ သွားရောက်လေ့လာနေသူများ ပြန်လည်ရောက်ရှိပြီး စီမံကိန်းကို အကောင်အထည်ဖော်စေချင်လျှင်ပင် ဒေသခံများ လက်မခံပါက လုပ်ခွင့်မရှိပါ”ဟု ဝန်ကြီးချုပ်က ပြောကြားကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    သို့ရာတွင် ဆရာတော်များအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးနှင့် တွေ့ဆုံမေတ္တာရပ်ခံခဲ့ရာ၌ ကျေနပ်စရာရှိသော်လည်း စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးအား တွေ့ဆုံရာတွင် အားရကျေနပ်စရာ မရှိကြောင်း အရှင်နန္ဒက မိန့်ဆိုသည်။

    အရှင်နန္ဒက “ဒေါက်တာမင်းနွယ်စိုးကို တင်ပြတော့ စက်ရုံအကြောင်း ဆက်လက်လေ့လာလိုက်ပါတဲ့။ ဦးဇင်းက ထိုင်းနိုင်ငံက ကျောက်မီးသွေးစက်ရုံကို သွားလေ့လာပြီးပြီလို့ဆိုတော့ အဲဒီစက်ရုံတွေက ခေတ်ဟောင်းက စက်ရုံတွေ၊ အခုစက်ရုံတွေနဲ့ မတူဘူးလို့ သူကပြန်ပြောတယ်။ ဦးဇင်းတို့ တော်တော်စိတ်မကောင်းဖြစ်မိတယ်” ဟု မိန့်သည်။

    ယခုအခါ ကျောက်မီးသွေးလျှပ်စစ်စက်ရုံစီမံကိန်းပြုလုပ်မည့် Toyo Thai Corporation Public Company Limited ၏ အစီအစဉ်ဖြင့် ဆရာတော်များ ၊ သတင်းထောက်အချို့၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမြို့နယ်ဥက္ကဌတစ်ဦး၊ လွှတ်တော်အမတ်တစ်ဦးအပါအဝင် စုပေါင်း ၁၀ ဦးက ဂျပန်နှင့် ထိုင်းရှိ ကျောက်မီးသွေးစက်ရုံများကို သွားရောက်လေ့လာနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks