spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းအား ရေးမြို့တွင် ကန့်ကွက်ဆန္ဒပြ

    အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းအား ရေးမြို့တွင် ကန့်ကွက်ဆန္ဒပြ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီး တည်ဆောက်မည့် Toyo Thai Group ကုမ္ပဏီ၏ ကျောက်မီးသွေးစက်ရုံ ကန့်ကွက်သည့် ဆန္ဒပြပွဲကို ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့YSS က ဦးဆောင်ကာ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်နေ့) နံနက်တွင် ပြုလုပ်ခဲ့သည်။

    အံဒင်ကျောက်မီးသွေးလျပ်စစ်စီမံကိန်း ဆန္ဒပြပွဲ(IMNA)
    အံဒင်ကျောက်မီးသွေးလျပ်စစ်စီမံကိန်း ဆန္ဒပြပွဲ(IMNA)
    အင်အား ၄၀ဝ ကျော် ရှိသည့် ဆန္ဒပြသူများသည် “အံဒင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ပြင်းထန်စွာ ကန့်ကွက်သည်၊ တို့ရဲ့ ဝန်းကျင် မပျက်စီးဖို့ ကျောက်မီးသွေးစက်ရုံ ဆန့်ကျင်စို့” စသည့် ပိုစတာများ ကိုင်ဆောင်ကာ၊ မွန် မြန်မာ နှစ်ဘာသာဖြင့် “အံဒင်ကျောက်မီးသွေးစက်ရုံ (အလိုမရှိ)၊ ကျောက်မီးသွေးစက်ရုံ စီမံကိန်း (အမြန်ဖျက်သိမ်းပေး)၊ တိုယိုထိုင်းကုမ္ပဏီ (အလိုမရှိ)၊ ကျောက်မီးသွေးစက်ရုံ တို့ဒေသအတွက် (အလိုမရှိ)” ကြွေးကြော်သံဖြင့် ရေးမြို့ပေါ်အတွင်း စီတန်းလှည့်လည် ဆန္ဒပြကြသည်။

    ဆန္ဒပြသူများတွင် YSS အဖွဲ့ဝင်များ၊ စီမံကိန်းဒေသ အနီးရှိ ဒေသခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဝင်များ ပါဝင်ပြီး No Coal တီရှပ်နှင့် အချို့မှာ မွန်အမျိုးသား ဝတ်စုံကို ဆင်တူဝတ်ဆင်ထားကာ စီတန်းလှည့်လည်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်က လုံခြုံရေးအတွက် တာဝန်ယူ လိုက်ပါကြသည်။

    ၄င်းတို့ ဆန္ဒပြချိန်တွင် ဒေသခံ၊ မီဒီယာသမား၊ လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးခန့်က ကျောက်မီးသွေးစက်ရုံများကို လေ့လာရန် Toyo Thai ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ထိုင်းနှင့် ဂျပန်နိုင်ငံသို့ ရောက်ရှိလျက် ရှိသည်။

    YSS အတွင်းရေးမှူး ကိုအောင်နိုင်ဝင်း က “ဒီစီမံကိန်း လုပ်ဖို့ စီစဉ်လာကတည်းက တစိုက်မတ်မတ် ကျွန်တော်တို့ ကန့်ကွက်လာခဲ့တယ်။ စီမံကိန်း လုံးဝရပ်ဆိုင်းတဲ့အထိ အပြင်းအထန် ကန့်ကွက်သွားဖို့ သန္နိဋ္ဌာန် ချထားတယ်” ဟု ပြောသည်။

    ဆန္ဒပြပွဲ ပြုလုပ်ခွင့်ရရန် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးသို့ လျှောက်ထားစဉ်တွင် အင်အား ၅၀ဝ ဟု တင်ပြထားသော်လည်း အင်အား ၄၀ဝ ကိုသာ ခွင့်ပြုခြင်းကြောင့် ပါဝင်လိုသူများကို ကန့်သတ်လိုက်ရသည်ဟုလည်း သူက ပြောသည်။

    ရေးမြို့နယ်၊ အစင်ကျေးရွာမှ ကိုအေးထွန်း က “ကျွန်တော်တို့ ရေးမြို့နယ်မှာ အဓိကက ရေလုပ်ငန်းရယ်၊ ကုန်းမှာ ဆိုရင် ရာဘာ ရှိမယ်၊ ကွမ်းသီး ရှိမယ်၊ သံပုရာ ရှိမယ်၊ စက်ရုံဖြစ်ရင် ထွက်လာမယ့် ရေပူတွေက ငါးတွေ စားမယ့် ရေညှိတွေကို သေစေမယ်။ မီးခိုး ပြာတွေက ရာဘာရွက်ပေါ် ကျရင် အရွက်တွေ ပေါက်ကုန်မယ်။ အရွက်မရှိရင် ရာဘာက အစာမချက်နိုင်တော့ အစီးမထွက်တော့ဘူး။ ဒီဆိုးကျိုးတွေ သိလို့ ခုလို လာပြီး ပူးပေါင်း ဆန္ဒပြတာ ဖြစ်တယ်” ဟု ပြောသည်။

    YSS မှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ကျောက်မီးသွေးစက်ရုံမှ ထွက်သည့် ပြာမှုန်ကြောင့် ကွမ်း၊ ရာဘာ စသည့် သီးပင်များ ရောဂါကျရောက်ကာ အထွက်နှုန်း ကျဆင်းလာလိမ့်မည်ဟု ပါရှိသည်။

    ၎င်းအပြင် ၁,၂၈၀ မဂ္ဂါဝပ်ထုတ် အထက်ပါ စက်ရုံအတွက် တစ်နေ့လျှင် ကျောက်မီးသွေး တန်ချိန် (၁၂,ဝ၀ဝ) ကို မီးရှို့ အသုံးပြုရမည် ဖြစ်ပြီး၊ စက်ရုံ အအေးခံရန်အတွက် တစ်နေ့လျှင် ရေပီပါပေါင်း နှစ်သန်းတစ်သိန်းကျော် အသုံးပြုကာ၊ မူလရေထက် ၁၀ ဒီဂရီ စင်တီဂရိတ် ပူမည့် ရေကို ပင်လယ်ထဲသို့ စွန့်ပစ်ရမည်ဟု ဖော်ပြထားသည်။

    ထိုင်းနိုင်ငံ Greenpeace အဖွဲ့ ဒါရိုက်တာ Mr. Tara Buckamsri က “ကျောက်မီးသွေးစက်ရုံ လေသန့်စင်မှုလုပ်နိုင်ဖို့က လက်ရှိနည်းပညာအရ ကျောက်မီးသွေးတစ်တန်အတွက် ဘတ်ငွေ ၃၃၀ဝ ကုန်ကျစရိတ်ရှိပါတယ်၊ ဒီလောက်ကြီးမားတဲ့စရိတ်ကို ဘယ်သူမှလည်း အကုန်အကျခံနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

    ထို့အပြင် အာစီယံနိုင်ငံများတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် လေထုညစ်ညမ်းမှုအတွက် ဥပဒေဖြင့် အကာအကွယ်ပေးထားခြင်းမရှိသေးဟုလည်း သူက ဆက်ပြောသည်။

    ၁၂၈၀ မဂ္ဂါဝပ်ထုတ် အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို Toyo Thai Group ကုမ္ပဏီက ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks