Saturday, March 14, 2026
More
    spot_img
    Homeသတင်း၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာများ စိုက်ထူကြပြီ

    ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာများ စိုက်ထူကြပြီ

    -

    10453462_306522789556903_4672676729896122637_n၁၃၇၆ ခုနှစ်၊ တပို့တွဲလဆုတ် ၁ ရက်နေ့ (၂၀၁၅ ဖေဖော်ဝါရီလ ၄ ရက်နေ့) တွင် ကျရောက်မည့် (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာများကို မွန်ပြည်နယ်ဒေသအနှံ့တွင် စိုက်ထူထားသည်ကို တွေ့ရှိရသည်။

    အဆိုပါ မြေစိုက်ပိုစတာများကို မြို့နယ်အဆင့် ကျင်းပရေးကော်မတီများ၊ ကျေးရွာအဆင့် ကျင်းပရေးကော်မတီများက ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ စိုက်ထူလျှက်ရှိသည်ဟု မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    ဒေါက်တာ မင်းစိုးလင်း က “မွန်ဘုရင် ဓမ္မစေတီမင်းကြီးက သံဃာတော်တွေကို သီရိလင်္ကာနိုင်ငံ (သီဟိုကျွန်း)ကို စေလွှတ်ပြီး ပြန်ကြွလာပုံတော်ပါ၊ ကလျာဏီ သိမ်ကျောက်စာအရ သာသနာ သန့်ရှင်းရေး ကြိုးစားဆောင်ရွက်နေတဲ့ပုံဖြစ်တယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

    မြေစိုက်ပိုစတာပုံ၏ အဓိပ္ပါယ်မှာ သက္ကရာဇ် (၈၃၄) ခုနှစ်တစ်ပို့တွဲလဆုတ် ၁၁ ရက် နေ့တွင် ဓမ္မစေတီမင်းကြီးသည် သာသနာတော် သန့်ရှင်းရေးအတွက် မွန်ရဟန်း ၄၄ ပါး တို့အား သီဟိုကျွန်းရှိ ကလျာဏီ မြစ်သိမ်တော်မှာ ရဟန်းသိက္ခာ အသစ်တင်တော်မူရန် စေလွှတ်ခဲ့ကြောင်း ပဲခူးကလျာဏီ မွန်ကျောက်စာတွင် ရေးထိုးထားခဲ့သည်ကို အများသိရှိစေရန် ရည်ရွယ်ပြီး ၄င်းပုံကို ရွေးချယ်ခဲ့သည်ဟု သိရသည်။

    မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မွန်ဘာသာဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာစပ်ပြိုင်ပွဲ၊ စာပေပြိုင်ပွဲ၊ ဆောင်းပါး၊ ဝတ္ထု ကဗျာ၊ ပုံပြင်၊ ရုပ်ပြောင် (ကာတွန်း) ကဏ္ဍ ၈ မျိုး ပါဝင်မည်ဟု ဆိုသည်။

    ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် ထုတ်ဝေဖြန့်ချိမည့် တီရှပ်အင်္ကျီ၏ အရှေ့ဘက်တွင် တိုင်းရင်းသား ၈ မျိုးပုံပါ တန်းတူရေး၊ သံလွင်ခက်ဖြင့် ငြိမ်းချမ်းရေးဟု သရုပ်ဖော်ရေးဆွဲထားသည့်ပုံနှင့် အနောက်ဖက်တွင် မြေစိုက်ပိုစတာပုံ ပါရှိသည်။

    အလားတူ တနင်္သာရီတိုင်းရှိ ကော့သောင်း၊ မြိတ်၊ ဘုတ်ပြင်း၊ ရေဖြူမြို့နယ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူ၊ မြဝတီ၊ ကော့ကရိတ်မြို့နယ်တို့တွင် မြို့နယ်အဆင့်ကျင်းပရေးကော်မတီများဖွဲ့စည်းကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့များတွင်လည်း မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်လျှက်ရှိသည်။

    ယခင် (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို မွန်ပြည်နယ် ကမာဝက်မြို့တွင်လည်းကောင်း၊ (၆၆) ကြိမ်မြောက် အခမ်းအနားကို ပေါင်မြို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks