spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းထိုင်းနယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့များနှင့် NCCT ပထမအကြိမ်တွေ့ဆုံ

    ထိုင်းနယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့များနှင့် NCCT ပထမအကြိမ်တွေ့ဆုံ

    -

    အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဦးစီး၍ ထိုင်းနယ်စပ်အခြေစိုက် CSO, CBO လူထုအကျိုးပြုအဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်ရေးအဖွဲ့ NCCT တို့နှင့် ယခုလ ၂၂ -၂၃ ရက်နေ့များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက “အဓိကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍတွေအပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ အမျိုးသမီးတွေ ကလေးတွေကို ဘယ်လိုမျိုး ကာကွယ်စောင့်ရှောက်မှုတွေ ပေးနိုင်မလည်း၊ လူအခွင့်အရေးချိုးဖောက်မှုတွေလည်း အများကြီးရှိနေတယ် အဲဒီအပေါ်မှာလည်း ချိုးဖောက်တဲ့သူတွေကို ဘယ်လိုအရေးယူလို့ ရနိုင်မလည်း အဲဒါတွေကို NCCT နဲ့ အစိုးရ ဆွေးနွေးတဲ့အချိန်မှာ အဲဒီကိစ္စတွေကို ထည့်သွင်းဆွေးနွေးဖို့အတွက်၊ မူဝါဒတွေ ချမှတ်ပေးဖို့အတွက်ကို ဆွေးနွေးခဲ့တာရှိတယ်” ဟု ဆိုသည်။

    ဆက်လက်၍ မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းများမှာ လူထုနှင့် အနီးကပ်အလုပ်လုပ်သည်ဖြစ်၍ လူအခွင့်အရေး လေ့လာ စောင့်ကြည့်ရေးတွင်ဖြစ်စေ၊ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရာတွင်ဖြစ်စေ၊ လွတ်လပ်စွာ လုပ်ခွင့်ရရန် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် ပေးရန်၊ သို့မဟုတ် ထိုလုပ်ငန်းများတွင် NCCT အဖွဲ့ဝင် အဖွဲ့အစည်းမှ လုပ်ဆောင်မှုရှိနေခဲ့သော် လူထုအခြေပြုအဖွဲ့များ၊ လူထုများနှင့် ပူပေါင်း ဆောင်ရွက်ရန်အတွက် တိုက်တွန်းတောင်းဆိုထားကြောင်း ဒေါ်တင်တင်ညိုက ဆက်ပြောသည်။

    “ကျမတို့အနေနဲ့ကတော့ ပိုမိုထိရောက်တဲ့ လူထုတွေနဲ့အနီးကပ် အလုပ်လုပ်ပေးနိုင်ဖို့ကို ရည်ရွယ်တယ်၊ တပြိုင်ထဲမှာပဲ UNFC ရော NCCT ရော အဖွဲ့ဝင် အဖွဲ့စည်းတွေကို တိုက်တွန်တာက ဒီထက်ပိုပြီး လူထု စည်းရုံးရေးတွေကို လုပ်စေချင်တယ်၊ ဘာလို့လည်းဆိုတော့ တစ်ဖက်ကလည်း အစိုးရက လူထုစည်းရုံးရေး အသွင်းသဏ္ဍာန် ဆောင်တဲ့ လူငယ်ဖိုရမ်တွေ လုပ်နေတယ်၊ ဒါကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီနေရာမှ ပိုပြီး အားစိုက်သင့်တယ်” ဟု ၎င်းက ဆိုသည်။

    အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍ NCCT အဖွဲ့နှင့် အစိုးရအဖွဲ့တို့ မတွေ့ဆုံမီ နယ်စပ်လူထုအကျိုးပြု အဖွဲ့အစည်းများနှင့် ပုံမှန်တွေ့ဆုံသွားရန်အတွက် သဘောတူထားကြောင်း သိရသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက “လောလောဆယ် NCCT အနေနဲ့ အပစ်ရပ် စဲရေးကိစ္စတစ်ခုအပေါ်မှာပဲ အာရုံစူးစိုက်နေရတာပါ၊ အခုလို CBO, CSO တွေ စုံစုံညီညီနဲ့တွေ့ဆုံခွင့်ရတာ ကောင်းမွန်တဲ့ရလာဒ် တွေပါပဲ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကဏ္ဍအသီးသီးတွေကိုလည်း ကျနော်တို့ ပိုမိုသိရှိနားလည်လာတယ်” ဟု ပြောသည်။

    အလားတူ NCCT အဖွဲ့မှလည်း အစိုးရနှင့် ဆွေးနွေးလျှက်ရှိသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွင် ရှင်းလင်းခဲ့ကြောင်း၊ နယ်စပ်အခြေစိုက် လူထုအကျိုးပြု အဖွဲ့အစည်းများ၏ အကြံပြု တင်ပြချက်များကို NCCT မှ လက်ခံကြိုဆိုသည်ဟု ဆိုသည်။

    ထိုဆွေးနွေးပွဲသို့ UNFC အတွင်းရေးမှူး ခူဦးရယ်၊ NCCT အဖွဲ့မှ နိုင်ဟံသာ၊ ကိုထွန်းဇော်၊ ဗိုလ်မှူးကြီး စိုင်းထူး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး၊ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG၊ ဒုက္ခသည်ကော်မတီ၊ သဘောဝပတ်ဝန်းကျင်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP၊ ကချင် အမျိုးသမီး အစည်းအရုံး (KWAT)၊ ကရင် အမျိုးသမီးအစည်းအရုံး၊ ကရင်နီ ဒုက္ခသည်များ ကော်မတီ၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် သတင်းမီဒီယာ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့မှ ကိုယ်စားလှယ် စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks