spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်အတွင်း တရားခံပြေး ၁၇၀ အနက် ၅ ဦးသာဖမ်းမိသေး

    ရေးမြို့နယ်အတွင်း တရားခံပြေး ၁၇၀ အနက် ၅ ဦးသာဖမ်းမိသေး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး ၁၇၀ ဦး ရှိပြီး၊ ၎င်းအနက် ၅ ဦးကိုသာ ဖမ်းဆီးရမိသေးကြောင်း ရေးမြို့နယ်၊ ရဲမှူးမြင့်သော် က ပြောသည်။

    အောက်တိုဘာလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းက ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။တရားခံပြေး ၁၆၀ ကျော်ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသည်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား လုံလောက်မှု မရှိခြင်း၊ ပြည်သူများအနေနှင့် သတင်းပေးမှုနည်းပါးခြင်းစသည်တို့ကြောင့် ဖြစ်သည်ဟု မြို့နယ်မှူးက ဖြေကြားသည်။

    သူက “ကျွန်တော်တို့မှာ ရှိတဲ့အင်အားနဲ့ ရပ်ကွက်တစ်ခုကို တစ်ယောက်လောက် ပေးထားတယ်။ တစ်အိမ်တက်ဆင်း လိုက်မမေး နိုင်ဘူး။ အဲဒါကြောင့်လည်း ပြည်သူ့အပေါ်မှာပဲ အားကိုးပါတယ်၊ တချို့ကလည်း ဒီကြားထဲမှာ သေသွားတဲ့ကောင်တွေ ရှိတယ်။ တချို့ကလည်း ယိုးဒယားမှာ သွားအလုပ်လုပ်ကိုင်ပြီး ပြန်မလာတာတွေ ရှိတယ်။ တစ်ချို့ကလည်း တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့သွားတဲ့ကောင်တွေ ရှိတယ်။ တချို့ကလည်း အဖွဲ့အစည်းထဲ ဝင်သွားပြီး အဖွဲ့အစည်း နာမည်ခံသွားတာတွေ ရှိတယ်။ အများကြီးပဲ ဒီမှာ” ဟု ပြောသည်။

    ပြည်သူများအနေနှင့် သတင်းပေးမှု နည်းပါးရခြင်းမှာ ရဲဝန်ထမ်းအချို့၏ ကျင့်ဝတ်စောင့်ထိန်းမှု နည်းပါးခြင်းကြောင့် သတင်းပေါက် ကြားပြီး သတင်းပေးသူများမှာ မိမိတို့အတွက် လုံခြုံမှု မရှိခြင်း၊ ရဲများအပေါ် ယုံကြည်မှု ပျက်ပြားလာခြင်းတို့ကြောင့် ဖြစ်ကြောင်း တက်ရောက်လာသူ အချို့က ထောက်ပြဆွေးနွေးကြသည်။

    “ကျွန်တော်တို့ ရပ်ကွက်မှာ တလောက မူးရမ်းပြီး ဆိုင် ၆ ဆိုင်လောက်ကို ဓားနဲ့ လိုက်ခုတ်ပြီး ဖျက်ဆီးသွားတာ ရှိတယ်။ ရဲကိုလည်း တိုင်တယ်။ ရဲက လာပြီး ခေါ်သွားတယ်။ ရဲစခန်းမှာ တစ်ညသိပ်လိုက်ပြီး အဲဒီကောင် မနက်ဖြန် ပြန်ရောက်လာတာပဲ” ဟု အောင်မေတ္တာ ရပ်ကွက်မှ လူငယ်တစ်ဦးက ပြောသည်။

    သတင်းပေးသူများအနေနှင့် အောက်ခြေရဲတပ်သားများထံ တိုင်ကြားခြင်း မပြုဘဲ မိမိထံသို့ တိုက်ရိုက်တိုင်ကြား သတင်းပေးပါရန်နှင့် သတင်းပေးသူများ၏ လုံခြုံရေးကို မိမိတာဝန်ယူမည် ဖြစ်ကြောင်း ရဲမှူး မြင့်သော်က ပြောသည်။

    တရားခံပြေးများမှာ ရိုက်နှက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ခိုးမှု စသည့်အမှုမျိုးစုံထဲမှ အနည်းဆုံးတစ်မှုကို ကျူးလွန်ထား ကြသူများ ဖြစ်ပြီး အများစုမှာ ဒေသခံများ မဟုတ်သည့် ရွှေပြောင်းအလုပ်သမားများ ဖြစ်ကာ၊ ၎င်းတို့မှာ နိုင်ငံသား စိစစ်ရေးကတ်ပြား များကို လျှို့ဝှက်ထားကြသူများ ဖြစ်သည်ဟု ရဲမှူးနှင့် တက်ရောက်လာသူများက သုံးသပ်ကြသည်။

    မှုခင်း ကျဆင်းနိုင်ရေးနှင့် တရားခံပြေး ဖမ်းဆီးနိုင်ရေးအတွက် တစ်နယ်တစ်ကျေးမှ ရေးမြို့နယ်သို့ လာရောက်ကာ ရေလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကိုယ်ရေးမှတ်တမ်းကို စုဆောင်းခြင်း၊ ရပ်ဝေးမှ လာရောက်တည်းခိုသည့် မျက်နှာစိမ်းများ၏ မှတ်ပုံတင်များကို စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်သင့်ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာသူများက အကြံပေးထားကြသည်။

    တရားခံပြေး တစ်သောင်းကျော်အား ပြန်လည်ဖမ်းဆီးရမိရန် စီမံချက်ဖြင့် ရဲတပ်ဖွဲ့က စတင်ဆောင်ရွက်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ တရားခံပြေးပေါင်း ၆၁၈ ဦးအား ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ဇွန်လကုန်ထိ တရားခံပြေးစုစုပေါင်း ၁၃၄ဝ၄ ဦးရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks