spot_img
Sunday, December 14, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင်မွေးစာရင်းမရှိသည့် ကလေးများကို မှတ်ပုံတင်ပေးနေ

    မွန်ပြည်နယ်တွင်မွေးစာရင်းမရှိသည့် ကလေးများကို မှတ်ပုံတင်ပေးနေ

    -

    မွန်ပြည်နယ်တွင် မွေးစာရင်းမရှိသေးသည့် အသက် ၅ နှစ်အောက် ကလေးငယ် များကို မွေးစာရင်း မှတ်ပုံတင်ပေးနေသည့် ရက်သတ္တပတ် လှုပ်ရှားမှုကို စတင်လုပ်ဆောင်ပေးနေကြောင်းတွေ့ရှိရသည်။

    တစ်နေ့လျှင် ကလေးအရေအတွက် ၁၅၀ ဦးခန့် မွေးစာရင်း မှတ်ပုံတင်ပြုလုပ်ရန် လျာထားလျှက်ရှိပြီး သွားလာရလွယ်ကူသော ဒေသန္တရ ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် စုရပ်အဖြစ်သတ်မှတ်ပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

    “ဒီလိုလုပ်လိုက်ရင် ဘာတစ်ခုထွက်လာမလဲဆိုတော့ မွေးစာရင်းမရှိတဲ့ကလေးတွေ ဘယ်လောက်များလဲ ဆိုတာ ထွက်လာမယ်” ဟု မွန်ပြည်နယ် စီးပွား/စီမံ ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    မွေးစာရင်း မှတ်ပုံတင်ခြင်း၏ အရေးကြီးမှုကို ပြည်သူလူထုသိရှိစေပြီး မွေးစာရင်းလက်မှတ် ရယူလိုမှုဖြစ်လာရန်နှင့် အဆိုပါ မွေးစာရင်း ပေါ်မူတည်ပြီး မူဝါဒများကို ရေးဆွဲအကောင်အထည်ဖော်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

    “တချို့မိဘတွေက ဒါကို အရေးကြီးမှန်းလည်း မသိဘူး၊ ပညာပေးမှုလည်း အားနည်းတယ်၊ ဒါက ဘယ်လိုအရေးကြီးလဲဆိုတာကို သေချာ မသိလိုက်ဘူး၊ ကလေးကျောင်းအပ်လို့ မွေးစာရင်းလိုမှ ကျနော်တို့က ထောက်ခံပေးလိုက်ရတယ်” ဟု မော်လမြိုင်မြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်မှ ဒေါ်တင်ချောက ၄င်း၏ကလေးမွေးစာရင်း မှတ်ပုံတင်ခဲ့ရာတွင် ကျပ်တစ်သောင်းခန့် ငွေပေးခဲ့ရကြောင်း၊ သို့ရာတွင် အချို့မှာ ဆေးရုံတွင် ခလေးမွေးဖွားစရိတ် အကျေမပေးသွင်းနိုင်ခဲ့၍ မွေးစာရင်း မရခဲ့ဟု ဆိုသည်။

    “ကျနော်တို့က အမြဲတမ်းပြောပါတယ်၊ မွေးစာရင်းက အရေးကြီးတယ်၊ မွေးစာရင်းရှိမှ သန်းခေါင်စာရင်း လုပ်လို့ရတယ်၊ သန်းခေါင် စာရင်းသွင်းပြီးမှ မှတ်ပုံတင်လုပ်လို့ရတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

    မွေးစရင်း မှတ်ပုံတင်ခြင်း ရက်သတ္တပတ်ပြီးဆုံးပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ထပ်မံစိစစ် အတည်ပြု လက်မှတ်ရေးထိုးပေး မည်ဖြစ်ပြီး သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများမှ တဆင့် အုပ်ထိန်းသူများထံသို့ ပြန်လည်ပေးပို့ရမည်ဟု သိရသည်။

    မွေးစာရင်း မှတ်ပုံတင်ခြင်း ရက်သတ္တပတ် လုပ်ငန်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နယ်နိမိတ်အတွင်း မည်သည့်နေရာ တွင် မွေးဖွားခဲ့သည်ဖြစ်စေ မွေးစာရင်း မှတ်ပုံတင် မပြုလုပ်ရသေးသော အသက် (၅) နှစ်အောက်ကလေးများကို မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ် ၄၄ မြို့နယ်တွင် နေထိုင်လျှက်ရှိပါက ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၀ မှ ၂၄ ရက်နေ့ အထိ တပြိုင်နက် ပြုလုပ်ပေးမည်ဟု မွန်ပြည်နယ်အစိုးရမှ သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts