spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတပ်မတော်ထိုးစစ်ဆင်နေမှုရပ်တန့်ရန် UNFC တိုက်တွန်း

    တပ်မတော်ထိုးစစ်ဆင်နေမှုရပ်တန့်ရန် UNFC တိုက်တွန်း

    -

    နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေချိန် တွင် မြန်မာ့တပ်မတော် ထိုးစစ်ဆင်နေမှုကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်ကလွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA သို့ ပြောသည်။

    ခူဦးရယ် က “အစိုးရဘက်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို အမှန်တကယ် မြင်ချင်တယ်၊ လိုလားတယ်၊ ဆန္ဒရှိတယ်ဆိုရင် ဒီလိုထိုးစစ်ဆင်နေတာတွေ ပစ်ခတ်နေတာတွေ မဖြစ်သင့်တော့ဘူး၊ ရပ်တန့်ဖို့လိုတယ်” ဟုပြောသည်။

    ထို့နောက် မြန်မာနိုင်ငံငြိမ်းချမ်ရေးလုပ်ငန်းစဉ်များအတွက် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုသာလျှင် အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပြီး လက်ရှိအစိုးရ အနေဖြင့် UNFC တောင်းဆိုသည့်အပေါ် အလေးနက်ထား ဖြေရှင်းပေးရန်လိုသည်ဟု ပြောသည်။

    UNFC ဒုဥက္ကဋ္ဌ (၁) နိုင်ဟံသာက “ထိုးစစ်ဆင်နေတာတွေ မြန်မြန်ရပ်တန့်ဖို့ လိုတယ်၊ မရပ်တန့်ဘူးဆိုရင် ကျနော်တို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လာမယ်၊ နှစ်ဖက်စလုံး သဘောထားကြီးကြီးထားပေးဖို့ လိုတယ်” ဟု ဆိုသည်။

    လက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော မြန်မာ့တပ်မတော် ထိုးစစ်ဆင်နေမှုကို ချက်ချင်းရပ် တန့်ပေးရန် UNFC က အောက်တိုဘာ ၁၅ ရက်နေ့တွင် အချက် ၅ ချက်ပါ သဘောထားထုတ်ပြန်ခဲ့သည်။

    အဆိုပါ အချက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ် မိကြောင်း၊ စစ်ရေးနည်းနှင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခြင်းကို လက်မခံနိုင်ကြောင်း၊ ငြိမ်းချမ်းရေးရရှိစေရန် စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာသွားရန် တိုက်တွန်းထားသည်။

    ထို့နောက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျော်လင့်နေသော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိသည်အထိ အစိုးရ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ စိတ်ရှည်သီးခံပြီး၊ မေတ္တာ စေတနာ အရင်းခံကာ ရိုးသားပွင့်လင်းစွာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဆက်လက်ညှိနှိုင်း အဖြေရှာရန် တိုက်တွန်းထားသည်။

    စက်တင်ဘာလနောက်ဆုံးပတ်တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ ဆဌမအကြိမ်မြောက် ဆွေးနွေးပွဲ၌ မည်သည့်သဘောတူချက်မှမရဘဲ ဆွေးနွေးပွဲပြီးဆုံးသည်နှင့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts