spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့လူထု ADSL မြန်နှုန်းမြင့် အင်တာနက် ၂ လိုင်းစတင်ရရှိ

    ရေးမြို့လူထု ADSL မြန်နှုန်းမြင့် အင်တာနက် ၂ လိုင်းစတင်ရရှိ

    -

    စက်တင်ဘာ ၂၂မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မွန်ပြည်နယ်၊ ရေးမြို့အတွက် ADSL မြန်နှုန်းမြင့် အင်တာနက်လိုင်း ချပေးရာတွင် ပြည်သူလူထုအတွက် ၆ လိုင်း သတ်မှတ်ထားသော်လည်း ၂ လိုင်းကိုသာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် မဲစနစ်ဖြင့်ရွေးချယ်ချပေးခဲ့ကြောင်း လျှောက်ထားသူများထံမှ သိရသည်။

    ADSL လိုင်းလျှောက်ထားသူ ကိုတင်လှဝင်း က “ပြည်သူလူထုအတွက် ၆ လိုင်းထဲမှာ ၅ လိုင်းကို ကျွန်တော်တို့ မသိဘဲ ကြိုတင်ချပေးလိုက်တာတော့ တရားမျှတမှု မရှိဘူး၊ ဒါက ရောင်းကုန်တစ်ခုပဲ၊ များများ ချပေးနိုင်လေ ကောင်းလေပေါ့၊ သူများ ဝိုင်ဖိုင်လွှတ်တဲ့နေရာ သွားစုပြီး မသုံးရတော့ဘူးပေါ့” ဟု ပြောသည်။

    ပြည်သူလူထု ၆ လိုင်းအတွက် လျှောက်ထားသူ ၃၄ ဦး ရှိပြီး၊ ၎င်းအနက် ၅ လိုင်းကို ကမ္ဘာ့ရတနာဘဏ်၊ ပြည်ခိုင်ဖြိုးပါတီ၊ MCC ကွန်ပျူတာသင်တန်း၊ ရိန်းဘိုးလျှပ်စစ်ပစ္စည်းဆိုင်နှင့် ဆောက်လုပ်ဆဲ မြမြင့်မိုရ်ဟိုတယ်တို့အား ကြိုတင်ချပေးလိုက်သည့်အတွက် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) က ကန့်ကွက်ခဲ့ရာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်ပေးမှုဖြင့် လက်ကျန်တစ်လိုင်းနှင့် အရန်တစ်လိုင်း ပေါင်း ၂ လိုင်းအား မဲစနစ်ဖြင့်ချပေးရန် ညှိနှိုင်းပြေလည်ခဲ့ခြင်း ဖြစ်သည်။

    YSS အတွင်းရေးမှူး ကိုအောင်နိုင်ဝင်းက “ဝန်ထမ်းတွေအနေနဲ့ အဂတိလိုက်စားမှု ကင်းပြီး၊ မိမိအစီအစဉ်နဲ့ မိမိဆောင်ရွက်တတ်တဲ့ အလေ့အကျင့် ပပျောက်စေချင်တဲ့ စေတနာရယ်၊ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရစေချင်တဲ့ စေတနာတွေနဲ့ ကျွန်တော်တို့ လုပ်ခဲ့တယ်၊ အဲဒီအတွက် အုပ်ချုပ်ရေးမှူးက ပူးပေါင်းပါဝင်ဆောင်ရွက်လာတဲ့အတွက် ကျေနပ်တယ်၊ နောက်နောင်ကိစ္စတွေမှာလည်း ဒီလိုအလေ့အကျင့်တွေ ထွန်းကားလာဖို့ မျှော်လင့်တယ်” ဟု ပြောသည်။

    လျှောက်ထားသူ ၃၄ ဦး ရှိသည့်အနက် ကြိုတင်ရရှိသူများနှင့် ဆက်သွယ်ရန် ခက်ခဲသေးသည့် အောင်မင်္ဂလာ၊ အောင်သုခနှင့် အောင်မေတ္တာရပ်ကွက်မှ လျှောက်ထားသူတို့ကို ပယ်နှုတ်ပြီး ကျန် ၂၆ ဦးအနက် မဲစနစ်ဖြင့် ကိုမိုးအောင် (လျှပ်စစ်ပစ္စည်း အရောင်းဆိုင်) နှင့် ကိုအောင်စိုး (စိုပြေ လက်ဖက်ရည်ဆိုင်) တို့က ရရှိခဲ့ခြင်း ဖြစ်သည်။

    ရေးမြို့ပေါ်ရှိ အင်တာနက် သုံးစွဲသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေးမှ ယခင်အသုံးပြုလျက် ရှိသည့် (2.75 G) အင်တာနက်လိုင်းကို သုံးစွဲရာတွင် အဆင်မပြေမှုများ ရှိနေပြီး ယခု ADSL လိုင်း ရရှိသည့် နေရာများမှ အခမဲ့ လွှင့်ထားသည့် ဝိုင်ဖိုင်လိုင်းများကို စုပြုံသုံးစွဲနေရသည်ကို တွေ့ရှိရသည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှစတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ ADSL စနစ်ကောက်ခံမှုနှုန်းထားသစ်တွင် ကနဦး တပ်ဆင်ခ နှုန်းထား ကျပ် ၅၀ဝ၀ဝ (ငါးသောင်း)၊ လစဉ်ကြေးအတွက် အမြန်နှုန်း 256 Kbps ကျပ် ၁၇၀ဝ၀ (တစ်သောင်းခုနစ်ထောင်) ၊အမြန်နှုန်း 2.5 Mbps ကျပ် ၈၀ဝ၀ဝ (ရှစ်သောင်း) ဖြစ်သည်။ရေးမြို့ပေါ် လူထုများအနေဖြင့် အဆိုပါ ADSL မြန်နှုန်းမြင့် အင်တာနက်လိုင်းကို မဲစနစ်ဖြင့် ယခုအခါ ပထမဆုံးအကြိမ် စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks