spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ ရေးမြို့နယ် ပညာရေးဆွေးနွေးပွဲကျင်းပ

    အရပ်ဘက်လူမှုအဖွဲ့အစည်းများ ရေးမြို့နယ် ပညာရေးဆွေးနွေးပွဲကျင်းပ

    -

    အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဦးဆောင်ကာ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ရေးမြို့နယ် ပညာရေး ဆွေးနွေးပွဲသည်

    အထိုက်အလျှောက် အောင်မြင်မှု ရရှိခဲ့ကြောင်း ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က ပြောသည်။“

    အရပ်ဘက်အဖွဲ့အစည်းက ဝေဖန်တာကို ပညာရေးဝန်ထမ်းတွေက သိသွားတယ်၊ ပညာရေးဝန်ထမ်းတွေရဲ့ အခက်အခဲကို ကျောင်းသားမိဘတွေ သိသွားတယ်၊ မိဘတွေရဲ့ စိတ်ခံစားမှုကို အရပ်ဘက်အဖွဲ့အစည်းနဲ့ ပညာရေးဝန်ထမ်းတွေ သိသွားတယ်၊ ဒါဟာ ဒီစကားဝိုင်းကရတဲ့ ရလဒ်ပဲ” ဟု ကိုအောင်နိုင်ဝင်း က ပြောသည်။

    ပထမဆုံးအကြိမ် ဆွေးနွေးခြင်း ဖြစ်သည့်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်သည့်အဆင့်သို့ မရောက်သေးသော်လည်း အချင်းချင်း ချိတ်ဆက်၊ ဆွေးနွေး၊ အကြံပေးနိုင်သည့်အဆင့်သို့ တက်လှမ်းနိုင်သည့်အတွက် အထိုက်အလျှောက် အောင်မြင်ခြင်း ဖြစ်သည်ဟု သူက သုံးသပ်သည်။

    သူက “ပညာရေးမှူးရုံးကို ဝင်နိုင်တဲ့၊ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အဆင့်တွေ ရလာပြီ၊ ကျောင်းအုပ်ကြီးတွေ၊ သင်ကြားရေး ပညာရေးဝန်းထမ်းတွေနဲ့ ထိတွေ့ဆက်ဆံလို့ ရလာတဲ့အတွက် ဝေဖန်၊ အကြံပေး၊ တင်ပြနိုင်မယ်၊ ဆရာတွေကလည်း သူတို့ရဲ့ အခက်အခဲတွေကို ကိုယ့်ကို ပြောပြနိုင်မယ်” ဟု ပြောသည်။

    မာရဒေဝီ ပညာရေးဖောင်ဒေးရှင်း၊ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့နှင့် ရေးတော်ဝင် (အခမဲ့) သတင်းလွှာတို့ ဦးစီးကာ ရေးမြို့ အထက (၁)၊ ပညာရတနာခန်းမတွင် ကျင်းပသည့် ထိုဆွေးနွေးပွဲသို့ ရေးမြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပြီး သင်ကြားရေးကဏ္ဍ၊ မိဘဆရာ ပူးပေါင်းရေးကဏ္ဍနှင့် ကျောင်းသားရေးရာကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

    မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေး ကလည်း ပညာရည် တိုးတက်မြင့်မားရေးနှင့် အောင်ချက်မြင့်မားရေးအတွက် အောက်တိုဘာလတွင် ဘာသာရပ်ဆွေးနွေးပွဲကို ၃ ရက်တိုင် ကျင်းပမည် ဖြစ်ပြီး၊ ကျောင်းတွင်း ကျောင်းပြင်မှ အကြံညာဏ်များကို ရယူကာ၊ လုပ်ဆောင်ရမည့် အစီအစဉ်အဆင့်ဆင့်ကို အစွမ်းကုန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

    သူက “မိသားစု စိစစ်တဲ့ပုံစံနဲ့ ဘယ်ကျောင်းက စာတတ်နည်းတယ် ဆိုတာ ဆန်းစစ်သွားမယ်၊ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းတွေကိုလည်း အားနည်းတဲ့ ဘာသာရပ်တွေကို စိစစ်ပြီး ကူညီသွားမယ်၊ သူ့တပည့် ကိုယ့်တပည့် ခွဲခြားမှု မရှိအောင် Code စနစ်နဲ့ စစ်ဆေးသွားမယ်” ဟု ပြောသည်။

    ဆွေးနွေးပွဲ ရလဒ်ကို ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြကာ ပူးပေါင်းအကောင်အထည်ဖော်သွားမည် ဖြစ်ပြီး၊ တက္ကသိုလ်ဝင် စာမေးပွဲ မကျင်းပမီ ဒီဇင်ဘာလဝန်းကျင်တွင် ယခုကဲ့သို့ ပညာရေး ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရန် မြို့နယ် ပညာရေးမှူးနှင့် အလွတ်သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်ဟုလည်း ကိုအောင်နိုင်ဝင်းက ပြောသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ၅ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိသော်လည်း ရေးမြို့နယ်သည် တစ်ပြည်နယ်လုံးတွင် အဆင့် ၇ နှင့် ၉ ကြားတွင်သာ ရပ်တည်နိုင်ခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်နယ်တွင်း ၁၀ မြို့နယ်အနက် အောင်ချက်အနိမ့်ဆုံးသို့ ကျရောက်ခဲ့သည်။ ထိုအချက်သည်လည်း ပညာရေး ဆွေးနွေးပွဲ ကျင်းပရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

    ရေးမြို့နယ်သည် မွန်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့နယ် ဖြစ်ပြီး၊ ဥယျာဉ်ခြံလုပ်ငန်း၊ ရေးလုပ်ငန်း စသည်တို့ကြောင့် စီးပွားရေး အခြေခံကောင်းများ ရှိသော်လည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ကျင်လည်ရာမြို့နယ် ဖြစ်သည့်အတွက် ပညာရေး အခြေခံ အားနည်းခြင်းနှင့် ဒေသခံ ပညာရေးဝန်ထမ်း နည်းပါးခြင်းသည်လည်း ပညာရည် နိမ့်ပါးရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု ပညာရေး အကျိုးတော်ဆောင်များက သုံးသပ်ကြသည်။

    ရေးမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် ကျောင်းပေါင်း ၁၄၄ ကျောင်း ရှိပြီး၊ ပညာရေးဝန်ထမ်းပေါင်း ၂၅၀ဝ ကျော်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks