Friday, March 13, 2026
More
    spot_img
    Homeသတင်းခေါင်းလောင်းရှာဖွေခြင်း သက်တမ်းကုန်ဆုံးတော့မည်ဟုဆို

    ခေါင်းလောင်းရှာဖွေခြင်း သက်တမ်းကုန်ဆုံးတော့မည်ဟုဆို

    -

    လာမည့်စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခေါင်းလောင်းရှာဖွေခြင်းလုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးတော့မည်ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီ ဒု-ဥက္ကဌ နိုင်မင်းအောင်(ခ) နိုင်ဝဲ့ က လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    နိုင်မင်းအောင် က “ကျနော်တို့ စာချုပ်အရ (၁၈) ရက်ဆိုရင် ရှာဖွေရေး သက်တမ်းကုန်ပြီး တစ်ချို့ ရေငုပ်သမားတွေလည်း ပြန်ကုန်ကြပါပြီ” ဟုပြောသည်။

    ထို့နောက် ရန်ကုန်တိုင်းအစိုးရထံတွင် ခေါင်းလောင်းရှာဖွေခြင်းလုပ်ကိုင်ခွင့် (၁၇) ရက် သက်တမ်း ထပ်မံတိုးထားပြီး လက်ရှိ သဲစုပ်သင်္ဘောဖြင့်သဲစုပ်ခြင်း၊ တူးဖော်ခြင်းလုပ်ငန်းများ ပုံမှန်အတိုင်း လုပ်ကိုင်လျှက်ရှိသည်ဟု ပြောသည်။

    ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွှန့်က “ကျနော်တို့ ကော့သောင်းပြန်ရောက်နေတာ ၅ ရက်ရှိပြီး၊ ကျန်တဲ့ ၃ ယောက်ကို ဦးစံလင်းက ဆက်ငုပ်ပေးဖို့ အကူအညီ တောင်းထားလို့ ကျန်နေခဲ့တယ်၊ ဒီလာမယ့် ၁၈ ရက်နေ့ဆိုရင် သူတို့လည်း အိမ်ပြန်ရောက်မယ်” ဟုပြောသည်။

    ဦးစံလင်း၏ စီစဉ်မှုဖြင့် စက်တင်ဘာလ ၇ ရက်တွင် (၄) ဦး၊ ၁၁ ရက်နေ့တွင် (၂) ဦး ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် ထပ်မံရောက်ရှိလာသော ရေငုပ်သမားများမှာ ဆလုံလူမျိုးမဟုတ်ဘဲ ကော့သောင်း ဒေသခံများသာ ဖြစ်ကြောင်း သိရသည်။

    ဦးသန်းညွှန့်က “ ဦးစံလင်း ဘာမှမပြောနဲ့လို့မှာထားတယ်၊ ကျနော်တို့က မနေနိုင်ဘူးလေး၊ တွေ့ရင် တွေ့တယ်၊ မတွေ့ရင် မတွေ့ဘူး အမှန်တိုင်းပဲဖြစ်ချင်တယ်” ဟု ဦးသန်းညွှန့်က ပြောသည်။

    အဆိုပါ ရေငုပ်သမားများသည် အခကြေးငွေတစ်စုံတစ်ရာမယူဘဲ ခရီးစရိတ်ကိုသာလက်ခံ၍ သာသနာအကျိုးအတွက် ကူညီဆောင်ရွက်ခဲ့သည်ဟု ဦးသန်းညွှန့်က ပြောသည်။

    မွန်သမိုင်း သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော် က “ တွေ့ရင်တွေ့တယ်၊ မတွေ့ရင်မတွေ့ဘူးပေါ့၊ အခုချိန်အထိ မတွေ့ဘူးဆိုတာ မပြောသေးဘူး၊ လှည့်စားနေတယ်၊ အချိန်ဆွဲနေတယ်၊ ထွက်ပေါက်တစ်ခုခုရှာနေတယ်” ဟုပြောသည်။

    သြဂုတ်လ ၂၆ ရက်နေ့တွင် ခေါင်းလောင်းတွေ့ရှိပြီးဟု သတင်းထုတ်မှုပေါ် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် အစိုးရအနေဖြင့် သွားရောက် စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ရဲဇော်က ပြောသည်။

    ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ဦးစံလင်းကို ဓမ္မစေတီခေါင်းလောင်းအား ရက်အကန့်အသတ်မရှိ တူးဖော်ရှာဖွေခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင် ခွင့်ပြုချက်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks