spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းတရားဝင်နိုင်ငံရေးပါတီများနှင့် UPWC ပထမအကြိမ်ဆွေးနွေး

    တရားဝင်နိုင်ငံရေးပါတီများနှင့် UPWC ပထမအကြိမ်ဆွေးနွေး

    -

    ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒု-ဥက္ကဌ သမ္မတရုံးဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် တရားဝင်နိုင်ငံရေးပါတီ ၆၇ ပါတီတို့ ယနေ့(သြဂုတ် ၁၁ ရက်) နံနက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး

    ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC ၌ ပထဆုံးအကြိမ် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

    ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့လာမည့်နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဆောင်ရွက်နေသည့် Frame work ကိစ္စရပ်များတွင် ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကိုတင်ပြခဲ့ရာ နိုင်ငံရေးပါတီများဘက်ကလည်း လွတ်လပ်စွာ ဆွေးနွေးအကြံပြုခဲ့ကြောင်း MPC အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။
    ဦးလှမောင်ရွှေက “ဒီလို နိုင်ငံရေးပါတီ အားလုံးနဲ့ တွေ့ဆုံးတာဟာ ဒါပထမဆုံးအကြိမ်ပါပဲ၊ ရည်ရွယ်ချက်ကတော့ ရှေ့နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်မှာ နိုင်ငံရေးပါတီတွေ ပါလာဖို့လိုပါတယ်၊ အဲဒါကလည်း NCCT နဲ့ သဘောတူထားတဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောပါပဲ” ဟု ဆိုသည်။

    နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရာတွင် လက်နက်ကိုင်တိုင်ရင်းသားအဖွဲ့နှင့် အစိုးရအဖွဲ့သက်သက်သာ လုပ်ဆောင်၍ မရကြောင်း၊ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ဖြစ်စေ၊ Frame work တွင်ဖြစ်စေ၊ Political dialogue တွင်ဖြစ်စေ ကဏ္ဍတိုင်းတွင် နိုင်ငံရေးပါတီများပါဝင်မှုအခန်းက အရေးကြီးကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဒုဥက္ကဌ စောသန်းမြင့်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    စောသန်းမြင့်က “ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ လုပ်တဲ့အခါမှာတော့ နိုင်ငံရေးအရ ပါဝင်ပတ်သက်နေတယ်၊ အခု သူတို့ပဏာမအဆင့်နေတာက နိုင်ငံရေးပါတီတွေ မပါဝင်လာသေးဘူး၊ ဒါပေမယ့် သိပ်မကြာခင်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကိုရောက်ရှိတော့မယ်ဆိုတော့ UPWC အနေနဲ့ နိုင်ငံရေးပါတီတွေကို အခုလိုတွေ့ဆုံမှုတွေ ပြုလုပ်လာရတာပါပဲ” ဟု ဆိုသည်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT လိုင်ဇာဆွေးနွေးပွဲတွင် ချမှတ်ခဲ့သည့် အခြေခံမူ ၁၀ ချက်အနက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများပါဝင်သော ၃ ပွင့်ဆိုင်ကိုယ်စားလှယ်များပါဝင်သည့် ပြည်ထောင်စုညီလာခံကျင်းပရန် ဟူသည့် အချက်ပါဝင်နေသည်။

    စောသန်းမြင့်က “ကျနော်တို့ NBF တောင်းဆိုတာကတော့ ၅ ပွင့်ဆိုင်၊ UNFC –NCCT ရေးဆွဲထားတာက ၃ ပွင့်ဆိုင်၊ သိပ်တော့မကွာဘူး၊ ကျနော်တို့က နိုင်ငံရေးပါတီကို နှစ်အုပ်စုခွဲလိုက်တယ်၊ နောက်ပြီး လူမှုအဖွဲ့အစည်းနဲ့ ပညာရှင်တစ်အုပ်စု ဆိုတော့ ၅ အုပ်စုဖြစ်သွားတာပါ” ဟု ပြောသည်။

    ယခုကဲ့သို့တွေ့ဆုံခြင်းအားဖြင့် တရားဝင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမရောက်မီ နိုင်ငံရေးပါတီများ အနေဖြင့် Frame work များကို ကြိုတင်စဉ်းစားထားနိုင်မည့်ဖြစ်သည့်အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လွယ်ကူစေနိုင်ကြောင်း၊ အလားတူ တွေ့ဆုံပွဲများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယနေ့တွေ့ဆုံပွဲတွင် ဦးအောင်မင်းက ပြောကြားခဲ့သည်။

    တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချူပ် ချုပ်ဆိုနိုင်ရေးအတွက် လာမည့် သြဂုတ်လ ၁၅ – ၁၆ ရက်နေ့များတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ ထပ်မံတွေ့ဆုံကြဦးမည်ဟု ဆိုသည်။
    လက်ရှိမြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံရေးပါတီ ၆၈ ပါတီရှိသည့်အနက် ကချင်ဒီမိုကရက်တစ်ပါတီမှအပ ယနေ့ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆၆ ပါတီတက်ရောက်ခဲ့ရာတွင် ကိုယ်စားလှယ် ၁၃၀ ဦးကျော်ခန့် ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts