spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမဂဒူးမွန်ဒေသဖွံ့ဖြိုးရေးအဖွဲ့က လယ်ယာမြေဆိုင်ရာဥပဒေ သင်တန်းပေး

    မဂဒူးမွန်ဒေသဖွံ့ဖြိုးရေးအဖွဲ့က လယ်ယာမြေဆိုင်ရာဥပဒေ သင်တန်းပေး

    -

    နိုင်ငံတော် အစိုးရမှ လက်ရှိပြဌာန်းထားသည့် လယ်ယာမြေဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီး ဥယျာဉ်နှင့် လယ်ပိုင်ရှင်များအား အသိပေးသည့်သင်တန်းကို ရေးမြို့နယ်တောင်ပိုင်းတွင် ပြုလုပ်ပြီးစီးပြီး ဖြစ်ကြောင်း ဦးဆောင်ကျင်းပသည့် မဂဒူးမွန်ဒေသဖွံ့ဖြိုးရေးအဖွဲ့က ပြောသည်။

    သြဂုတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့ထိ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့တွင် ကျင်းပသည့် ယင်းသင်တန်းသို့ ခေါဇာမြို့အနီးတဝိုက်ရှိ ဝင်းတမော့၊ မိထော်လှာငယ်၊ ကျုံကညာကျေးရွာမှ လယ်ယာနှင့် ဥယျာဉ်ခြံရှင် ၂၅ ဦး တက်ရောက်ခဲ့သည်ဟု သင်တန်းဦးဆောင်သူ နိုင်စဝေါမွန်က ပြောသည်။

    လယ်ယာမြေဆိုင်ရာဥပဒေသင်တန်းပို့ချစဉ်(AK)
    လယ်ယာမြေဆိုင်ရာဥပဒေသင်တန်းပို့ချစဉ်(AK)
    “မွန်ဒေသက လယ်ယာ ဥယျာဉ်ခြံရှင်တွေဟာ အစိုးရက လက်ရှိပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေကို မသိ၊ နားမလည်ကြဘူး။ ရေးတောင်ပိုင်းမှာ မြေလွတ်မြေရိုင်းတွေ များတယ်၊ ဒါပေမယ့် မြေပိုင်ဆိုင်ကြောင်း ဂရန်တွေ မရှိကြဘူး။ တချို့ဆို မြေစာရင်းပုံစံ (ပုံစံ ၁၀၅) လောက်ပဲ ရှိကြတယ်။ မိရိုးဖလာ လုပ်လာတယ်ဆိုတော့ သူတို့ပိုင်တယ်လို့ပဲ သိနားလည်ထားကြတယ်။ ဒါ့ကြောင့် နောင်ဆို မြေယာကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ မဖြစ်ပွားအောင် အသိပေးရှင်းပြတာ ဖြစ်တယ်” ဟု သူက ပြောသည်။

    ရေးမြို့နယ် တောင်ပိုင်းသည် ပင်လယ်ကမ်းစပ်နှင့် ထိတွေ့သည့်ဒေသဖြစ်ပြီး မွန်ပြည်နယ် အစိုးရက အပန်းဖြေ ခရီးသွားနယ်မြေ ပြုလုပ်ရန် စီစဉ်ထားသည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားသည့်နေရာလည်း ဖြစ်နေသည်။

    “တစ်နေ့မှာ မြေဈေးတွေ မြင့်လာရင် မြေဂရန် အရင်လျှောက်ထားတဲ့သူတွေ ဒီမြေကို ပိုင်ဆိုင်သွားလိမ့်မယ်။ အဲဒီအခါ မြေဂရန် မရှိသေးတဲ့ မူလပိုင်ရှင်တွေ အခက်တွေ့နိုင်တယ်။ ဒါ့ကြောင့် ဥပဒေသစ်အတိုင်း ပုံစံ ၇ (လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်) ရအောင် ကျွန်တော်တို့ လမ်းပြဆွေးနွေးတာ” ဟုလည်း နိုင်စဝေါမွန် က ဆက်ပြောသည်။

    သင်တန်းကို လယ်ယာမြေဆိုင်ရာ ဥပဒေ အသိပေးခြင်းနှင့် အခြေခံ GPS အသုံးပြုခြင်းသင်တန်းဟု အမည်ပေးထားပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြဌာန်းထားသည့် လယ်ယာမြေဥပဒေကို ရှေ့နေ ကိုမင်းစိုးနိုင် က လည်းကောင်း၊ အခြေခံ GPS အသုံးပြုခြင်းကို နိုင်ဗျူဟာမွန် က လည်းကောင်း ပို့ချသင်ကြားခဲ့သည်။

    “မြေတိုင်းတွေက GPS ကို သုံးပြီး မြေတိုင်းကြမယ်။ ခြံရှင်တွေဘက်ကလည်း ဒီ GPS အခြေခံကို သိထားဖို့ လိုတဲ့အတွက် ဒီသင်တန်းမှာ အခြေခံ GPS အသုံးပြုပုံကို သင်ကြားရတာ ဖြစ်တယ်” ဟု သူက ပြောသည်။

    အဆိုပါသင်တန်းသည် ၂၀၁၄ ခုနှစ်တွင် တတိယအကြိမ်မြောက် ဖြစ်ပြီး၊ ပထမနှင့် ဒုတိယအကြိမ်မြောက်ကို တနင်္သာရီတိုင်း ရေဖြူမြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟုလည်း မဂဒူးမွန်ဒေသဖွံ့ဖြိုးရေးအဖွဲ့က ပြောသည်။

    တဖက်တွင်လည်း သြဂုတ်လ ၄၊ ၅၊ ၆ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်း ဒေသ အသီးသီးမှ တောင်သူလယ်သမားများ၊ တက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဖက်အဖွဲ့အစည်း (၅၅) ဖွဲ့၊ တက်ရောက်သူစုစုပေါင်း (၁၀၃) ဦးတက်ရောက်ပြီး မြေယာနှင့်ဆိုင်သော ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာ တိုင်းရင်းသားများရိုးရာဓလေ့မြေယာကာကွယ်စောင့်ရှောက်ရေးကော်မတီအား စုပေါင်းဖွဲ့စည်းကာ အချက် ၅ ချက်ပါ သဘောထားကြေငြာချက်ကို သြဂုတ်လ ၁၁ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန် လိုက်သည်။

    အဆိုပါ သဘောထားကြေငြာချက်မှာ (၁) လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မြေသိမ်းယူမှုများရပ်တန့်ရန်။ (၂) တိုင်းရင်းသားဒေသများအတွင်း သိမ်းယူထားသော မြေယာများပြန်လည်ပေးအပ်ရန်။ (၃) မြေယာဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ လက်တွေ့ကျင့်သုံးမှုအား အသိအမှတ်ပြုပေးရန် နှင့် မူဝါဒရေးဆွဲရာတွင် ထည့်သွင်းပြဌာန်းပေးရန် (၄) မြေယာ မူဝါဒရေးဆွဲရာတွင်တောင်သူလယ်သမားများအား အမှန်တကယ်ကိုယ်စားပြုသော ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန်။ (၅) UNDRIP ဌာနေတိုင်းရင်းသားများအခွင့်အရေးအတွက် ကုလသမဂ္ဂကြေငြာစာတမ်းပါ တိုင်းရင်းသားများရပိုင်ခွင့် (၇) ချက် အား လေးစားလိုက်နာရန် စသည့်အချက်များပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks