spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘီလူးကျွန်း ပင်လယ်ကမ်းနားပိုင်းရှိ ကျေးရွာများ ရေကြီးမှုဖြစ်ပေါ်ခဲ့

    ဘီလူးကျွန်း ပင်လယ်ကမ်းနားပိုင်းရှိ ကျေးရွာများ ရေကြီးမှုဖြစ်ပေါ်ခဲ့

    -

    မွန်ပြည်နယ်၊ (ဘီးလူကျွန်း) ချောင်းဆုံမြို့နယ်၊ ပင်လယ်ကမ်းနားအနီးရှိကျေးရွာများ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ လယ်ယာစပါးခင်းအချို့ ပျက်စီးခဲ့ကြောင်း ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    ဘီလူးကျွန်းရေကြီးစဉ်မြင်ကွင်း(Naiaung Oo Facebook)
    ဘီလူးကျွန်းရေကြီးစဉ်မြင်ကွင်း(Naiaung Oo Facebook)

    ဒေါက်တာ အောင်နိုင်ဦးက “ ကျနော်တို့နေထိုင်တဲ့ ဘီးလူကျွန်းဟာ ပင်လယ်နဲ့ နီးနေတယ်၊ နောက်တစ်ချက်က တာတမံတွေမကောင်းတာရယ်၊ ချောင်းရေမြောင်းရေ စီးဆင်းမှု မကောင်းတဲ့ အတွက်ကြောင့် အခုလို ရေကြီးမှုတွေ ဖြစ်ရတာပဲ” ဟု ပြောသည်။

    ထိုသို့ရေကြီးမှုကြောင့် စပါးစိုက်ပျိုး ဧက ၄၀ဝ ဝန်းကျင်ခန့် နှစ်စဉ်ရေလွှမ်းမိုးပျက်စီးနေကြောင်း ယင်းလယ်မြေများကို နွေရာသီတွင် မြေပဲတစ်ခုသာ စိုက်ပျိုးနိုင်ကြောင်း၊ နှစ်စဉ်ရေကြီးမှု ပြသနာကို အစိုးရအနေဖြင့် တစ်စုံတရာ စီမံပေးမှုမရှိခဲ့ဟု ဆိုသည်။

    ဘီးလူကျွန်း ချောင်းဆုံမြို့နယ်ရှိ ကမ်းနားရွာများဖြစ်သည့် ဒေါင်ရပ်ရွာသူ မလှဝင်းက “ ရေထရက်တွေဆိုရင် အမြဲတမ်း ရေကြီးနေတာပဲ၊ ရေကြီးရင် စပါးတွေ မြုပ်တယ်၊ ရေပြန်ကျသွားရင် ပြန်ပေါ်တယ်၊ ပျက်တဲ့ စပါးပင်တွေ ကျဲတဲ့ နေရာတွေကိုတော့ ပြန်ဖာထည့်ပေးရတယ်”ဟု ပြောသည်။

    မွန်ပြည်နယ်ဒေသများတွင် လပြည့်လကွယ်ရက်အနီးအနားရက်များကို ရေထရက်၊ လဆန်းလဆုတ် ၈-၉ အနီးအနားရက်နေ့များကို ရေသေရက်များ သတ်မှတ်ခေါ်ဝေါ်ကြပြီး ပင်လယ်ရေအမြင့်ဆုံးတက်သည့်ရေထရက်များနှင့် မိုးသည်းထန်စွာရွာသွန်းချိန် တိုက်ဆိုင်ပါက ရေနစ်မြုပ်မှုဖြစ်ပေါ်သည်ဟု ဆိုသည်။
    သံလွင်မြစ်ဝတည်ရှိရာ ကျိုက်ခမီမြို့နှင့် ဘင်္ဂလားပင်လယ်စပ်ကြားဖြစ်သည့် ကော့မုပွန်ရွာ၊ ဒေါင်းရပ်အရှေ့ရွာနှင့် ဒေါင်းရပ်အနောက်ရွာတို့တွင် ရေကြီးမှုဒဏ်ကို နှစ်စဉ် ကြုံတွေ့ရကြောင်း၊ ရေတစ်ကြိမ်ကြီးလျှင် ၁၀ ရက် ၁၅ ရက်ခန့် ကြာမြင့်တတ်ကြောင်း၊ တစ်နှစ်လျှင် မိုးတွင်းသုံးကြိမ်ခန့် ရေးကြီးလေ့ရှိကြောင်း သိရသည်။

    “နှစ်ရက်နေ့ကစပြီး ဆက်တိုက် ၄ ရက်လောက်ရေကြီးတယ် အခုတော့ ရေနည်းနည်းပြန်ကျသွားပေမယ့် ကုန်တော့ မကုန်သေးဘူး၊ ကန်ကြီးမှာလည်း ရေတွေလည်းပြည့်တယ်၊ အခုတော့ ရေတွေ ပြန်စုတ်ထုတ်နေရတယ်၊ ကန်ဘောင်တာတမံပျက်မှာ စိုးလို့ ရေတွေ ပြန်စုတ်ထုတ်ရတာပါ”ဟု မလှဝင်းက ဆက်ပြောသည်။

    ချောင်းမြောင်းများ တူးဖော်နိုင်ရန်နှင့် ကော့မုပွန်ရွာမှ ချောင်းဆုံမြို့အထိ ကတ္တရာလမ်း ဖြစ်မြောက်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ဘီးလူကျွန်းပေါ်တွင် ယခင်က ကျေးရွာပေါင်း ၆၄ ရွာတည်ရှိခဲ့သော်လည်း ယခုအခါ ရွာသစ်များထပ်မံပေါ်ပေါက်ခဲ့ရာ ပင်လယ်နှင့်နီးစပ်သည့် ရွာပေါင်း ၁၅ ရွာခန့်ရှိကြောင်း သိရသည်။

    အလားတူ ဘီးလူးကျွန်း၏ အရှေ့ဖက်ခြမ်း မော်လမြိုင်မြို့တွင်လည်း လွန်ခဲ့သည့် သီတင်းပတ်၌ တစ်ရက်အတွင်း မိုးရေချိန် ၅ လက်မကျော် ရွာသွန်းခဲ့ကြောင်း မြန်မာမိုးလေဝသဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks