spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံရောက် တရားမဝင်အလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေး

    ထိုင်းနိုင်ငံရောက် တရားမဝင်အလုပ်သမားများအား အလုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေး

    -

    လုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေးသည့်နေရာ(MW RM Facebook)
    လုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေးသည့်နေရာ(MW RM Facebook)
    မင်းလုံး – ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ တရားမဝင်နိုင်ငံခြားအလုပ်သမားများ ဖမ်းဆီးမှုကို ယာယီရပ်ဆိုင်းလိုက်ပြီး နိုင်ငံခြားအလုပ်သမားများအား ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို One Stop Service တစ်ရက်အပြီးစနစ်ဖြင့် ထိုင်းအစိုးရက ယနေ့မှစ၍ထုတ်ပေးနေပြီဟု ဆိုသည်။

    ထိုင်းနိုင်ငံသို့ အများဆုံးဝင်ရောက်လုပ်ကိုင်နေသည့် လာအို၊ ကမ္ဘာဒီယား၊ မြန်မာ အစရှိသည့်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား ထော်ရော် ၃၈/၁ (TR-38/1) ခေါ် ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ကို စမွတ်စခွန်(မဟာချိုင်)ဒေသတွင်စတင် ပြုလုပ်ပေးလျက် ရှိသည်။

    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုကျော်သီဟက “ထော်ရော် ၃၈/၁ က အလုပ်သမားတွေအတွက် အဆင်ပြေပါတယ်၊ အားသာ ချက်ကတော့ ဈေးနှုန်းသက်သာပြီး တစ်နေ့တည်းနဲ့အလုပ်လုပ်ခွင့်ပါမစ်ရတယ်၊ ပတ်စပို့လုပ်သလို အချိန်သိပ်မယူရဘူး၊ ထိုင်းလုပ်ငန်းရှင်တွေပိုပြီးကြိုက်တယ်၊ အရင်ကဆိုရင် ဒီထော်ရော် ၃၈/၁ နဲ့ပဲ ပတ်စပို့တွေလျှောက်ခဲ့ကြတာပါ” ဟု ပြောသည်။

    သို့ရာတွင် ထော်ရော် ၃၈/၁ ၏အားနည်းချက်များမှာ မိမိနေထိုင်ခွင့်ရှိရာနယ်မြေမှ တခြားခရိုင်သို့ ပြောင်းရွှေ့သွားလာအလုပ်လုပ်ကိုင်ခွင့်မရှိခြင်း၊ အကယ်၍ တခြားခရိုင်သို့ ကျူးကျော်ပါက ဘတ် ၅၀ဝ ဒဏ်ငွေဆောင်ရပြီး မိမိအလုပ်လုပ်ရာနယ်မြေသို့ ပြန်လည်ပို့ဆောင်ခံရမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် အလုပ်သမားအရေးအစည်းအဝေးပွဲတွင် ထိုင်းအစိုးရကိုယ်စားလှယ် ပြောကြာ့းခဲ့ကြောင်း ကိုကျော်သီဟက ဆက်ပြောသည်။

    အဆိုပါ ထော်ရော် ၃၈/၁ (ယာယီနေထိုင်ခွင့်)အား အလုပ်ရှင်အာမခံဖြင့်လျှောက်ထားရပြီး ၁၈ နှစ်အထက်အလုပ်သမားများအတွက် ကုန်ကျစရိတ်များမှာ ထော်ရော် ၃၈/၁ ဘတ် ၈၀၊ ကျန်းမာရေးဆေးစစ်ခ ဘတ် ၅၀ဝ၊ ၃ လစာကျန်းမာရေး အာမခံလက်မှတ် ဘတ် ၅၀ဝ၊ အလုပ်လုပ်ခွင့်လက်မှတ်ဘတ် ၂၂၅ စုစုပေါင်း ဘတ် ၁၃၀၅ ခန့်ကုန်ကျ၍ ၁၈ နှစ်အောက် အလုပ်သမားများအတွက်မှာ အလုပ်လုပ်ခွင့်လက်မှတ် မပါရှိသောကြောင့် ဘတ်ငွေ ၁၀၈၀ သာ ကုန်ကျခဲ့ကြောင်း မြန်မာအလုပ်သမားများထံမှသိရသည်။

    စမွတ်စခွန်(မဟာချိုင်)ဒေသ၌ ယနေ့ပြုလုပ်ခဲ့သော အလုပ်သမားများအလုပ်လုပ်ကိုင် နေထိုင်ခွင့်လက်မှတ်သည် လာမည့်သြဂုတ်လ ၂၉ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဟု ရေးသားဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

    တဖက်တွင်လည်း ဇွန်လ ၂၉ ရက်နေ့ မြန်မာအစိုးရထုတ် မြန်မာ့အလင်းသတင်းစာဖေါ်ပြချက်၌ ထော်ရော် ၃၈/၁ အတွက် ဘတ် ၈၀၊ ကျန်းမာရေးဆေးစစ်ခ ဘတ် ၅၀ဝ၊ တစ်နှစ်တာဆေးကုသခွင့်လက်မှတ် ဘတ်ငွေ ၁၃၀ဝ ၊ တစ်နှစ်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဘတ်ငွေ ၁၂၀ဝ စုစုပေါင်း ဘတ် ၃၀၈၀ ကုန်ကျမည်ဖြစ်ကြောင်း သတင်းရေးသားဖေါ်ပြထားသည်။

    အဆိုပါ ယာယီနေထိုင်ခွင့်လက်မှတ်လျှောက်ထားရေးအတွက် လူမှုဖူလုံရေးဌာနရုံးကို စမွတ်စခွန် (မဟာချိုင်)ခရိုင်တွင် ဖွင့်လှစ်ထားလျက်ရှိပြီး ယနေ့မှစတင်၍ နေစဉ် နံနက် ၈:၃၀ မှ ညနေ ၄:၃၀ အထိ ပိတ်ရက်မရှိဖွင့်လှစ်ထားကြောင်း သိရသည်။

    ဘန်ကောက်မြို့တွင် အလုပ်သမားရေးအကူအညီပေးနေသူ ကိုသက်ခိုင်က “ထိုင်းမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ် သမားနှစ်မျိုးရှိတယ်၊ ပထမတစ်မျိုးက နယ်စပ်ကနေ ပတ်စပို့ကိုင်ပြီး နှစ်နိုင်ငံသဘောတူညီမှုလက်မှတ်နဲ့ ဝင်ရောက်လာတဲ့ MoUအလုပ်သမား၊ ဒုတိယတစ်မျိုးက နိုင်ငံထဲကိုခိုးဝင်လာပြီး ၂၀ဝ၉ နောက်ပိုင်းမှာ ယာယီပတ်စပို့ လုပ်ပေးတဲ့အလုပ်သမားတွေပါ၊ အခုလုပ်ပေးနေတဲ့ဟာက ဒုတိယအလုပ်သမားတွေအတွက်ပါ၊ MoU အလုပ်သမားတွေကတော့ ဆက်ရှိနေဦးမှာပဲ သူတို့နဲ့ဘာမှမဆိုင်ပါဘူး” ဟု ပြောသည်။

    လက်ရှိထိုင်းနိုင်ငံ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ NCPO ၏ ရွှေ့ပြောင်းအလုပ်သမားများ စနစ်တကျစီမံရေးမူဝါဒအရ အလုပ်သမားများကို လူ့အခွင့်အရေး၊ လူ့ယဉ်ကျေးမှုစံနှူန်းနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် လည်းကောင်း၊ ဥပဒေချိုးဖေါက်မှု၊ မတရားခိုင်းစေမှု၊ လူကုန်ကူးမှု၊ နိုင်ငံအတွင်း တရားမဝင်ခိုးဝင်နေထိုင်မှု၊ မူးယစ်ဆေးဝါးပြဿနာ၊ ရာဇဝတ်မှုပြဿနာ စသည်တို့မှ ကာကွယ်ရန်ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

    “ဘယ်ဘတ်ပဲလုပ်လုပ်၊ ပတ်စ်ပို့၊ ဗီဇာနဲ့ work permit ပဲလုပ်လုပ် အလုပ်ရှင်ရှိမှ လုပ်လို့ရတာပါ။ ဒါကို နားလည်အောင်အရင်သတိပြုပါ၊ အလုပ်ရှင်မရှိပဲ ဘာမှလုပ်လို့မရပါဘူး။ ဘတ်လုပ်ပြီးရင်လည်း ကိုယ်လုပ်ထားတဲ့အလုပ်ရှင်နဲ့ပဲ အလုပ်လုပ်ရမှာပါ။ တခြားအလုပ်ရှင်နဲ့လုပ်ရင် အဖမ်းခံရပါတယ်” ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ကိုမောင်မောင်က ပြောသည်။

    ထိုင်းစစ်တပ်အာဏာသိမ်းခေါင်းဆောင် ပရာယု ချန်အိုချာက ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးခြင်းကို ယာယီရပ်ဆိုင်းထားသည်ဟု အာဏာပိုင်ရုပ်သံလိုင်းများတွင် တရားဝင်ကြေညာလိ်ုက်ပြီး လတ်တလောတွင် ကလေးအလုပ်သမားများအပေါ် အနိုင်အထက်ပြုမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ဒေသဆိုင်ရာဝန်ထမ်းများနှင့် ပွဲစားများက ခေါင်ပုံဖြတ်မှုပြဿနာများအား အဓိကထားလိုက်လံရှာဖွေစစ်ဆေးနေကြောင်း ထိုင်းမီဒီယာများက ဖေါ်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks