မင်းထူးသစ် – မွန်ပြည်နယ်၊ ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ သင်္ချိုင်းမြေတွင် ဆောက်လုပ်ထားသည့် သားသတ်ရုံပြောင်းရွေ့ပေးရန် မြို့ခံများတောင်းဆိုထားကြောင်း
သုဿန် မီးသင်္ဂြိိုလ်စက် ဖြစ်မြောက်ရေး အတွင်းရေးမှူး ဦးကိုကိုဝင်းက ပြောသည်။
ယင်းသို့ပြောင်းရွှေ့ပေးရေးအတွက် မြို့နယ်အထောက်အကူပြု ကော်မတီနှင့် မြို့နယ်အုပ်ချူပ်ရေးမှူးကိုလည်း တင်ပြထားသည်ဟု ဦးကိုကိုဝင်းက ဆိုသည်။
သူက “ မကြာမီဖွင့်လှစ်တော့မယ့် သုဿန် မီးသင်္ဂြိုလ်စက်နဲ့လည်း ဒီသားသတ်ရုံက နီးကပ်နေတော့ အသုဘပို့ဆောင်သူတွေ မြင်တွေ့နေရမယ်၊ ရဟန်းသံဃာံတော်တွေ တရာနာကြား ရေစက်ချခြင်းတဲ့အခါမှာလည်း စိတ်အနှောင့်အယှက်တွေဖြစ်စရာပါ” ဟု ဆက်ပြောသည်။
ထို့အပြင် သားသတ်ရုံ အနီးတဝိုက်တွင် အမှိုက်များ ၊ အပုပ်ကောင်များစွန့် ပစ်ထားသည့်အတွက် ကျန်းမာရေးရှုထောင့်အရ မသင့်တော်ကြောင်းနှင့် အသုဘပို့သူများအနေဖြင့် စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းကိုလည်း မတွေ့မြင်စေလိုသဖြင့် ပြောင်းရွှေ့ပေးရန်တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
မြို့နယ်အထောက်အကူပြုကော်မတီဝင် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကိုထွန်းမြင့်ကျော်(ခေါ်) ကိုမင်းလတ်က “အဲဒီသားသတ်ရုံက နဂိုကမြို့ထဲမှာ၊ ဒါကိုမကျေနပ်လို့ ကန့်ကွက်တော့ ပြီးခဲ့တဲ့လကပဲ အပြင်ရွှေ့ပေးရတယ်၊ ဒီလိုရွှေ့တော့ စည်ပင်သာယာပိုင် ဂရမ်ပေါက် မြေကွက်တွေကိုပဲ ရွှေ့ဖို့ ဆုံးဖြတ်ကြတယ်၊ ပြီးခဲ့တဲ့လ ၂၄ ရက်နေ့အမှီရွှေ့ခဲ့ရတယ် ၊ခု ဒီကိစ္စဖြစ်ပြန်တယ်” ဟု ပြောသည်။
သားသတ်ရုံသည် စည်ပင်သာယာရေးကိုယ်ပိုင်ဂရံမြေမဟုတ်လျှင် ဥပဒေနှင့်မညီသဖြင့် အခြားမည်သည့်မြေနေရာများကို အသုံးပြုခွင့်မရှိဟု သိရသည်။
ကျိုက္ခမီမြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးအောင်သန်းက “ဒီသားသတ်ရုံကို အကာအရံလေးဖြစ်သွာအောင် သစ်ပင်တွေကို စိုက်ပျိုးပေးဖို့ရှိတယ်၊ နောက်ပြီးမြို့နယ်ကော်မတီနဲ့ တိုင်ပင်ပြီး မြေနေရာ ဝယ်ပေးဖို့တောင် စဉ်းစားနေတယ်” ဟု ပြောသည်။
အဆိုပါ သားသတ်ရုံဖယ်ရှားပေးရန်အတွက် ကျိုက္ခမီမြို့ခံတချို့က ငြိမ်းချမ်းစွာစုဝေးပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ပြုလုပ်လိုကြောင်း တရာဝင်လျှောက်ထားခဲ့သော်လည်း သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဇွန်လ(၁၇)ရက်နေ့စွဲဖြင့် ငြင်းပယ်သည့်အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။