မြန်မာစစ်အစိုးရသည် ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံခေါ်ယူကာ ၁၄ နှစ်ကြာအချိန်ယူရေးဆွဲပြီး ၂၀ဝ၈ ခုနှစ်တွင် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။ ယခင်အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတုယူရေးဆွဲခဲ့သော ၂၀ဝ၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်နေသည်မဟုတ်ကြောင်း အများသိပင်ဖြစ်သည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် အသီးသီးတွင် မဲဆန္ဒခံယူစရာမလိုသော စစ်ဗိုလ်အမတ် ၂၅% အလိုလိုနေရာ ဦးထားသည်။ ရွေးကောက်ပွဲတွင်လည်း စစ်တပ်မှအနားယူခဲ့သော စစ်ဗိုလ်ချုပ်ဟောင်းများစွာတို့က လွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့များတွင် ကြီးစိုးနေရာယူခွင့် ရရှိထားကြသည်ကို အားလုံးမြင်တွေ့နေကြရသည့်အတိုင်းပင် ဖြစ်ပေသည်။
သမ္မတဦးသိန်းစိန် အုပ်ချုပ်ခဲ့သည့် ၃ နှစ်ကာလအတွင်း အတော်အတန်တိုးတက်လာသယောင် ရှိသည်ဟု ပြောဆိုသံများ ထွက်ပေါ်နေသည်။ လွှတ်တော်တွင်း ဥပဒေသစ်များတစ်ခုပြီးတစ်ခု ချမှတ်ခဲ့သော်လည်း ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကို မတွေ့ရှိရသဖြင့် အနှစ်သာရအားဖြင့်ထူးခြားမှုမရှိသကဲ့သို့ တိုးတက်လာသည်ဟုလည်း မဆိုနိုင်ပေ။ စစ်တပ်လယ်မြေသိမ်းကိစ္စရပ်များတွင် အစိုးရအကာအကွယ်ပေးနေခြင်း၊ ထိန်းချုပ်ထားသည့်မီဒီယာဥပဒေနှင့် ပညာရေးစနစ်မှာလည်း လမ်းဟောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနေသောကြောင့် ယခင်အတိုင်း ထူးမခြားနားဟု ဆိုရပါမည်။
အများပြည်သူလက်မခံနိုင်သည့်ဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွယ်တကူမပြုပြင်နိုင်သော ပုဒ်မ ၄၃၆ ပင်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် ၇၅% သဘောတူညီမှ အခြေခံဥပဒေပြင်ဆင်နိုင်ခြင်းသည် အလွန်တရာသဘာဝမကျသောအချက်ပင်ဖြစ်သည်။ ၂၀ဝ၈ အခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ရေးအတွက် ရည်ညွှန်းရေးဆွဲထားသည်ကိုလည်း တွေ့ရှိရသည်။ လက်ရှိတွင် ပြင်ဆင်ရမည့်အချက်အလက်များစွာကိုလည်း ပြည်သူများထောက်ပြနေကြသည်။
အကယ်၍ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ပါက ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိနိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီလမ်းကြောင်းကို အဟန့်အတားဖြစ်စေယုံမျှမက နိုင်ငံတော်သစ်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေမှုများကိုလည်း များစွာထိခိုက်စေမည်ဖြစ်သည်။ ထို့ကြောင့် NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသားများဦးဆောင်၍ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံပြင်ရေး လူထုဟောပြောပွဲများ ပြုလုပ်နေသည်။ ကာချုပ်နှင့် စစ်တပ်ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အနှောက်အယှက်ဖြစ်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင်တို့ ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။ စစ်တပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဟန့်တားနေပါက ပြည်သူများနှင့်ထပ်တိုက်တွေ့မည်ဟုလည်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် တို့၏ပြောကြားချက်ကို စစ်တပ်အနေဖြင့် ဂရုပြုအလေးထားမည့် အရိပ်အယောင်များ လုံးဝမတွေ့ရှိရသေးပေ။ လွှတ်တော်တွင်ဖွဲ့စည်းထားသော “အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ” သည်လည်း ပြင်ဆင်သင့်သည့်ဥပဒေများကို လစ်လျူပြုကာ မရောင်ရာဆီလူးလျှက်ရှိသည်။
ထို့ကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်သို့တင်ပြရန် ယခုအချိန်ကာလတွင် လက်မှတ်ရေးထိုးပွဲများ ကျင်းပနေသည်။ သိန်းနှင့်ချီသော လူထုဆန္ဒပြုလက်မှတ်များ ရရှိနေပြီ ဖြစ်သည်။ ပြည်သူတို့လိုလားနေသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မြန်မာစစ်တပ်ကသော်၄င်း၊ လွှတ်တော်ကသော်၄င်း အသိအမှတ်မပြုလစ်လျူရှုခဲ့လျှင် ထိပ်တိုက်ရင်ဆိုင်မှုများနှင့် မုချမလွဲတွေ့ဆုံရလိမ့်မည်ကို သတိချပ်စေလိုကြောင်း။