spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ဒေသခံများ ကန့်ကွက်

    ရေးမြို့နယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ဒေသခံများ ကန့်ကွက်

    -

    အေမီအောင် – မွန်ပြည်နယ်၊ ရေးမြို့၊နယ် အံဒင်ကျေးရွာအနီး Toyo Thai ကုမ္ပဏီ၏ မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းအား ဒေသခံများ ကန့်ကွက်သွားမည်ဟု အံဒင်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင့်ရှိန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အဆိုပါ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်း ရပ်တန့်စေရေးအတွက် မေလ ၂၇ ရက်နေ့တွင် အံင်ဒင်ကျေးရွာအနီး ဖာလိန်တောင် ဒေသတစ်ဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း (၇) ကျောင်းနှင့် ကျေးရွာ (၆) စု တို့က ကန့်ကွက်သွားရန် နှီးကရုပ်ကျေးရွာတွင် ဆုံးဖြတ်ချက်ချခဲ့သည်ဟု နိုင်တင့်ရှိန် က ပြောသည်။

    နိုင်တင့်ရှိန် က ” ကျနော်တို့ လုံးဝ ကန့်ကွက်သွားမယ်၊ ဥပဒေဘောင်အတွင်း အေးအေးဆေးဆေးပဲ ကန့်ကွက်မယ်၊ အကြမ်းမဖက်ဘူး” ဟုပြောသည်။

    ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ ဆောက်လုပ်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း၊ ရောဂါဘယထူပြောလာခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် သား၊ ငါးများ သေကြေပျက်စီးဆုံးရှုံးခြင်း၊ အပူရှိန်မြင့်တက်ခြင်း၊ အက်စစ်မိုးကြောင့် စိုက်ပျိုးသီးနှံပင်များ ပျက်စီးခြင်း စသည့်အနေအထားများ ကျရောက်လာနိုင်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြောသည်။

    အလားတူ မလေးရှားရောက် ဖာလိန်တောင် (ဒူယား၊ ကူဟတော၊ နှီုးနှူ၊ သာဂရံ၊ အံဒင်) ကျေးရွာကိုယ်စားလှယ် ၆၀ ဦးတို့သည် ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ စလန်ကောပြည်နယ်၊ ကလန်းဒေသတစ်နေရာ၌ အစည်းအဝေးပြုလုပ်ခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့စီစဉ်လုပ်ဆောင်နေသည့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးဟု ကြွေးကြော်နေသော်လည်း လက်တွေ့တွင် ဒေသခံပြည်သူများ အပေါ် ဆိုးကျိုးမြောက်များစွာ ကျရောက်နိုင်သည့်အတွက် ယင်းစီမံကိန်းကို အပြင်းအထန် ကန့်ကွက်သွားမည်ဟု ဆုံးဖြတ်ကြသည်။

    ဦးဆောင်ကန့်ကွက်သူ နိုင်ကောင်းစကား က” ကန့်ကွက်မယ့် အသံတွေ တစ်သံတည်း ပိုမို ကျယ်လောင်စွာထွက်ပေါ်လာစေဖို့၊ ဒေသခံတွေအင်အားတစ်ရပ်ဖြစ်လာစေဖို့ ကျနော်တို့ မလေးရှားရောက် ဖာလိန်တောင်သားများရဲ့ သဘောထား ကြေငြာချက်ထုတ်ပြန်ခဲ့တယ်” ဟု ပြောသည်။

    ထို့အပြင် မွန်ပြည်နယ်၌ အကြီးစားစီမံကိန်းများလုပ်ဆောင်ပါက ဒေသခံပြည်သူများ၊ နိုင်ငံရေးပါတီဝင်များ၊ သံဃာတော်များ၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးနှင့် ပြည်တွင်းပြည်ပရှိ မွန်လူငယ်များ ပူးပေါင်းကန့်ကွက်သွားမည်ဟု ဆက်ပြောသည်။

    Toyo Thai စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်သူ ဒေါ်နီနီစံက ” စက်ရုံတည်ဆောက်ဖို့အတွက် ခွင့်ပြုချက်တောင်းခံထားတယ်၊ လုပ်ခွင့်မရသေးဘူး၊ အစိုးရကနေ ခွင့်ပြုချက်ပေးမယ်ဆိုရင် ထွက်လာမယ့် လျှပ်စစ်မီးတွေက မွန်ပြည်နယ်နှင့် ဗမာပြည်ကလူတွေသုံးဖို့ပါပဲ၊ နိုင်ငံခြားရောင်းဖို့ အစီအစဉ်မရှိပါဘူး ” ဟု ပြောသည်။

    စက်ရုံတည်ဆောက်မည် မြေဧရိယာရှိ ဒေသခံလယ်ပိုင်ရှင်များက မြေယာများအသိမ်းခံရမည့်စိုးရိမ်စိတ်ကြောင့် ရရှိမည့်ဈေးနှုန်းဖြင့် ရောင်းချမည့်အသံများထွက်ပေါ်နေသည်ဟုလည်း ဒေသခံများထံမှသိရသည်။

    လာမည့် ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ရန်စီစဉ်နေသည့် အဆိုပါ အံဒင်ကျေးရွာအနီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသည် မြေဧရိယာဧက ၅၀ဝ ခန့်ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာသန်း ၂၇၀ဝ ရင်းနှီးမြှပ်နှံသွားမည်ဟု ကုမ္ပဏီ၏လက်ကမ်းစာစောင်တွင် ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks