Homeသတင်းမူလတန်းမှ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် စတင်ပြီ

မူလတန်းမှ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် စတင်ပြီ

-

မွန်ပြည်နယ်မှကျောင်းသားများကျောင်းတက်နေသည့်မြင်ကွင်တစ်ခု(IMNA)
မွန်ပြည်နယ်မှကျောင်းသားများကျောင်းတက်နေသည့်မြင်ကွင်တစ်ခု(IMNA)
အေမီအောင် – ၂၀၁၄ – ၂၀၁၅ ခုနှစ် ပညာရေးစနစ်မှ စတင်ကာ၊ အခြေခံပညာမူလတန်းမှ အလယ်တန်းအထိ အစိုးရစာသင်ကျောင်းများတွင် အခမဲ့ပညာရေးစနစ် စတင်အကောင်အထည်ဖေါ်နေကြောင်း အစိုးရမီဒီယာများတွင် ဖော်ပြထားသည်။

ကျောင်းနေအရွယ် ကလေးများ ကျောင်းနေမှုနှုန်းမြင့်မားလာစေရန်၊ ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်လိုက်ရသည့် ကလေးအရေအတွက်နည်းပါးသွားစေရန် ရည်ရွယ်ပြီး အခမဲ့ပညာရေးစနစ်ကို သတ်မှတ်လိုက်သည်ဟု ဆိုသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အ-ထ-က(၁) ကျောင်း အလယ်တန်းပြ ဆရာမ ဒေါ်ရီရီဌေး က” မူလတန်းကနေ အလယ်တန်းအထိ ကျောင်းအပ်လက်ခံတဲ့ အခန်းတိုင်းမှာ A4 စာရွက်နဲ့ ကျောင်းအပ်လက်ခံရန် အခမဲ့ ရေးပြီးကပ်ထားတယ်” ဟုပြောသည်။

မေလ ၂၆ မှ ၃၀ ရက်နေ့ထိ ကျောင်းအပ်နှံနိုင်ပြီး အားကစားကြေး၊ စာကြည့်တိုက်ကြေး၊ ကျောင်းရန်ပုံငွေ၊ စာရေးကိရိယာကြေး၊ မိဘဆရာအသင်းဝင်ကြေး၊ ကျောင်းတိုးချဲ့ရန် အဆောက်အဦးကြေး ကောက်ခံခြင်းမရှိဟု ဆရာမ ဒေါ်ရီရီဌေး က ဆိုသည်။

သံဖြူဇရပ်မြို့နယ်၊ ပငရွာနေ ကျောင်းသားမိဘ ဦးစိုးမိုးက “ဘာကြေးမှမပေးရပါဘူး၊ ပုံနှိပ်စာအုပ်ဘာသာစုံတော့ ရထားပြီးပြီ၊ အလယ်တန်းပါ အခမဲ့ စာအုပ်ပေးတယ်ဆိုတော့ တစ်ချို့ ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေအတွက် ပိုပြီးအဆင်ပြေပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ကျောင်းဖွင့်ရက်ကို ဇွန်လ (၂) ရက်နေ့ဖြင့်သတ်မှတ်ထားပြီး မူလတန်းကျောင်းသား/သူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဘလာစာအုပ် (၆) အုပ်နှင့် ငွေသား (၁၀ဝ၀) ကျပ် စီထောက်ပံ့ပေးသွားမည်ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့အာဘော်တွင် ဖတ်ရှုခဲ့ရသည်။

သို့ရာတွင် သံဖြူဇရပ်မြို့နေ၊ မူလတန်းကျောင်းသားမိဘ ဒေါ်မြင့်မြင့်သန်းက ” ကျောင်းသုံးပုံနှိပ်စာအုပ်တော့ရတယ်၊ ဗလာစာအုပ်၊ ထောက်ပံ့ငွေတော့မရပါ” ဟု ပြောသည်။

၂၀၁၂ ခုနှစ်တွင်ထုတ်ပြန်သော အစိုးရပညာရေးဌာနစာရင်းအရ မွန်ပြည်နယ်အတွင်း အထက်တန်းကျောင်း ၆၇ ကျောင်း၊ အလယ်တန်းကျောင်း ၉၂ ကျောင်း၊ မူလတန်းကျောင်း ၁၂၀၄ ကျောင်းနှင့် မူလတန်းလွန်ကျောင်း ၁၇၁ ကျောင်းရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts