Homeသတင်းသတင်းလွတ်လပ်ခွင့်အတွက် မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော် ...

သတင်းလွတ်လပ်ခွင့်အတွက် မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်

-

မင်းထူးသစ် – တောင်ပိုင်းမြန်မာဂျာနယ်လစ် ကွန်ယက် SMJN နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA တို့ပူးပေါင်း၍ ဧပြီ ၂၅ ရက်၊ နံနက် ၈ နာရီခွဲအချိန်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်းအတိုင်း အမှတ်(၄)တံတားအနီး ဘုန်းကြီးစားသောက်ဆိုင်ရှေ့မှ

ဘိုကုန်းရပ်ကွက် သံလွင်ဈေးအထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ကို တွေ့ရှိရသည်။

လွတ်လပ်စွာသတင်းရယူခွင့် အပြည့်အဝ ရရှိရေးနှင့် မတရားအဖမ်းဆီးခံ သတင်းထောက်များ အမြန်ပြန်လွှတ်ပေးရေးအတွက် မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ရှိ သတင်းထောက် (၃၈) ဦးတို့ တစ်နာရီကြာခန့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဦးသိန်းလှိုင်က “သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီနိုင်ငံလို့ ဘယ်လိုလုပ်ခေါ်မလဲ၊ သတင်းထုတ်ဝေမှုအပိုင်းက လွတ်လပ်လာတယ်လို့ ထင်ရပေမယ့် သတင်းရယူတဲ့နေရာမှာ ထောင်ချတာတွေ၊ ကန့်သတ် ချူပ်ချယ်တာတွေ လုပ်နေတုန်းဘဲ” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်၊

ယခုဆန္ဒဖေါ်ထုတ်ပွဲသည် DVB သတင်းထောက်တစ်ဦးတည်းအတွက်သာမဟုတ်ဘဲ သတင်းထောက် အားလုံး၏အခွင့်အရေးကို ထိပါးလာ၍ ပါဝင်လှုပ်ရှားရခြင်းဖြစ်ကြောင်း၊ စာနယ်ဇင်းကောင်စီ၊ သတင်းစာဆရာများသမဂ္ဂ၊ သတင်းစာဆရာများအသင်း၊ MJN စသည့် သတင်းနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး သတင်းလွတ်လပ်ခွင့်အတွက် တညီတညွှတ်တည်း ဝိုင်းဝန်းတောင်းဆိုသင့်ကြောင်း သူက ဆက်ပြောသည်။

ယင်းဆန္ဒထုတ်ဖေါ်ပွဲတွင် “မတရား ဖမ်းဆီး၊ ထောင်ချထားသော DVB သတင်းဌာနမှ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား အမြန်ပြန်လွှတ်ပေး” “လွတ်လပ်စွာသတင်းရယူခွင့် အပြည့်အဝရရှိရေး”ကြွေးကျော်သံများအပြင် “မျှော့ကြိုးဥပဒေဖြင့် သတင်းသမားများကို မဖိနှိပ်ရေး”
“လူထုသတင်းအမှန်ရရှိရေး သတင်းမီဒီယာလွတ်လပ်ခွင့်ပေး” “လွတ်လပ်စွာသတင်းရယူခွင့် အပြည့်အဝရရှိရေး” “DVB သတင်းထောက် ထောင်ချမှု အမြန်ပြန်လွှတ်ပေး” “အဖမ်းဆီးခံသတင်းထောက်များချက်ချင်းလွှတ်” “FREE PRESS” စာတမ်းပါ ဗွီနိုင်းများကိုင်ဆောင်ကာ စီတန်းချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ကိုညဏ်စိုးဝင်းက “သတင်းအရင်းအမြစ် ခိုင်မာဖို့အတွက် သက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိအကြီးအကဲတွေကို ဖြေရှင်းချက် တောင်းရတာကလည်း သက်ဆိုင်ရာဌာန တွေကို အကူအညီပေးတာပါပဲ၊ ဖြစ်စဉ်တစ်ဖက်ထဲကိုပဲ သတင်းထောက်က ရေးမိရင် ကျင့်ဝတ်နဲ့ မညီတာ ဖြစ်သွားနိုင်တယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ သတင်းထောက်များ သွားရောက်မေးမြန်းရာတွင် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲခြင်းသည် လုံးဝ မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံရှိ သတင်းထောက်အားလုံးကို ခြိမ်းခြောက်နေသည်ဟု ခံစားမိသဖြင့် ဆန္ဒထုတ်ဖော်ရတာဖြစ်ပါကြောင်း သူကဆက်ပြောသည်။

အလားတူ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် ဧပြီလ ၂၅ ရက်နေ့တွင် မကွေးတိုင်းနှင့် ပဲခူးတိုင်း၊ ပြည်မြို့တွင်လည်း ဆန္ဒထုတ်ဖေါ်ပွဲများ တပြိုင်တည်းကျင်းပခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts