Friday, March 13, 2026
More
    spot_img
    Homeသတင်းသန်းခေါင်စာရင်း ပထမနေ့တွင် (၁၀) အိမ်ထက် ပိုမကောက်ဟုဆို

    သန်းခေါင်စာရင်း ပထမနေ့တွင် (၁၀) အိမ်ထက် ပိုမကောက်ဟုဆို

    -

    ၂၀၁၄ သန်းခေါင်စာရင်း(internet)
    ၂၀၁၄ သန်းခေါင်စာရင်း(internet)
    အေမီအောင် – လူဦးရေနှင့် အိမ်အကြောင်းအရာပါ သန်းခေါင်စာရင်းကောက်ယူမည့် မတ်လ ၃၀ ရက်၊ ပထမ နေ့တွင် အိမ်ထောင်စု (၁၀ ) အိမ်ထက် ပိုမကောက်ဟု မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နည်းပြများက ပြောသည်။

    အဆိုပါ စာရင်းစတင်ကောက်ယူမည့် ပထမနေ့ရက်တွင် မေးမြန်းသည့်မေးခွန်းတိုင်း အချိန်ကြာမြင့်နိုင်မည်ဖြစ်ပြီး အချက်အလက်များရေးသွင်းရာ၌ နှောက်နှေးနေခြင်းကြောင့်ဟု အ-ထ-က (၉) အလယ်တန်းပြ စာရင်းကောက် ဒေါ်စုမမ ကပြောသည်။

    သူမက “ ပထမရက်ဆိုတော့ မကျွမ်းကျင်သေးဘူးလေ၊ နည်းပြတွေက အမှားမရှိအောင် အမှားအယွင်းနည်းအောင်ဆိုပြီး ၁၀ အိမ်လောက်ပဲ ကောက်ဖို့ပါ” ဟု ပြောသည်။

    ကောက်လာသည့် အချက်အလက်များကိုသက်ဆိုင်ရာ စာရင်းစစ်က စစ်ဆေးမည်ဖြစ်ပြီး အမှားအယွင်းမရှိခဲ့လျှင် နောက်ကျန်ရှိနေသည့်ရက်များတွင် မိမိတို့ဆောင်ရွက်နိုင်သလောက် ကောက်နှုန်းတိုးကောက်နိုင်သည်ဟု အ-လ-က တောင်ဝိုင်း အလယ်တန်းကျောင်းအုပ် စာရင်းစစ် ဦးသန်းထွန်းအေးက ပြောသည်။

    သူက “ကျနော့် ကောက်ကွက်ထဲမှာရှိတဲ့ စာရင်းကောက် ဆရာမတစ်ဦးချင်းစီရဲ့ ကောက်လာတဲ့စာရွက်တိုင်း စာရင်းဇယားတွေကို ပြန်ပြီးစစ်ဆေးရမှာဖြစ်တယ်၊
    အဲဒီတစ်ဦးချင်း စာရင်းကို ပြန်ချုပ်ပြီးရင် သက်ဆိုင်ရာ ရပ်ကွက်မှာရှိတဲ့ သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုကော်မတီဆီ ပို့ရတယ်” ဟုပြောသည်။

    အကယ်၍ သက်ဆိုင်ရာ ကော်မတီထံ မပေးပို့မီအချိန်တွင် ပေးထားသည့် သင်္ကေတ ကုတ်နံပါတ် (Code) နှင့် လူမျိုးမှန်မမှန် စစ်ဆေးမည်ဖြစ်ပြီး အမှားအယွင်း တစုံတရာရှိခဲ့ပါက ချက်ချင်းပြင်ဆင်သွားမည်ဟု ဆိုသည်။

    အ-ထ-က (၆) အထက်တန်းပြ နည်းပြ ဒေါ်မမနှင်းဦး က “တကယ် ကောက်တဲ့နေမှာ စာရင်းကောက် တစ်ယောက်ပဲ အိမ်ပေါ်တက်ခွင့်ရှိမယ်၊ စာရင်းကောက်နောက် ရပ်ကွက်က ပံ့ပိုးပေးမယ့်လူက စာရင်းကောက်နေတဲ့အချိန်မှာ အိမ်ခြံဝင်းနားလောက်မှာပဲ နေရခွင့်ရှိတယ်” ဟု ပြောသည်။

    အဘယ်ကြောင့်ဆိုသော် လူဦးရေနှင့် အိမ်အကြောင်းအရာပါ တစ်ချို့လျှို့ဝှက်သင့်သော အရာများကို စည်းကမ်းအရ ဥပဒေအရ လျှို့ဝှက်ထားမည်ဖြစ်သောကြောင့် စာရင်းကောက်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်မှ သိခွင့်မရှိစေရန်လှို့ဝှက်ထားရသည်ဟု ဆိုသည်။

    ၂၀၁၄ သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အတွင်း နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၆ နာရီထိကောက်သွားမည်ဖြစ်သည်။

    မော်လမြိုင်ခရိုင်တွင် အိမ်ထောင်စုကောက်ကွက်ပေါင်း ၁၈၅၀ ကွက်၊ အဖွဲ့အစည်းကောက်ကွက် ၁၃၀ ကွက်၊ မော်လမြိုင်မြို့တွင် ကောက်ကွက်ပေါင်း ၄၀၆ ကွက်၊ အဖွဲ့အစည်းကောက်ကွက် ၇၁ ကွက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဖြုဖြူက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks