spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေး တွေ့ဆုံပွဲကြိုးပမ်းလျှက် ရှိကြောင်း မွန်ပြည်နယ်နေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ပြော

    နိုင်ငံရေး တွေ့ဆုံပွဲကြိုးပမ်းလျှက် ရှိကြောင်း မွန်ပြည်နယ်နေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ပြော

    -

    ခတ္တာနန်း – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတက ဦးဆောင်ကြိုးပမ်းလျှက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က မတ်လ ၁၉ ရက်နေ့၌ ကျင်းပသည့် အနှစ် ၄၀ ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့အပြင် ဖြစ်ပေါ်လာမည့် အဆိုပါ နိုင်ငံရေးဆွေးနွေးပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ကရင်၊ ပအို့စသော တိုင်းရင်းသား မိဘပြည်သူများ အနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍတွင် တက်ကြွစွာ ပါဝင်သွားရန် ဝန်ကြီးချုပ်က အလေးအနက် တိုက်တွန်းထားပြန်သည်။

    “ငြိမ်းချမ်းရေး ဖော်ဆောင်မှုရဲ့ ရလဒ်ကတော့ အဖွဲ့တစ်ဖွဲ့နှစ်ဖွဲ့ကလွဲပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သလို၊ မွန်ပြည်နယ်မှာလည်း မွန်ပြည်သစ်ပါတီ၊ KNU စတဲ့ အဖွဲ့တွေနဲ့ အပစ်ရပ်စဲရေး သဘောတူနိုင်လို့ အရင်က မအေးချမ်းခဲ့တဲ့ အခုအခမ်းအနားကျင်းပတဲ့ စက်စဲလို နေရာမျိုးမှာ အခုတော့ အေးချမ်းစွာနဲ့ အနှစ် ၄၀ ပြည့် မွန်ပြည်နယ်နေ့ကိုကျင်ပနိုင်ခဲ့ပါပြီ” ဟု ဝန်ကြီးချုပ် ဦးအုန်းမြင့်က ဆက်ပြောသည်။

    အနှစ် (၄၀) ပြည့် မွန်ပြည်နယ်နေ့ပွဲတော်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေတွင် ၃ ရက် ၃ ညတိုင်တိုင် ကျင်းပလျက်ရှိရာ မတ်လ ၁၉ ရက်နေ့ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေနှင့် ပြည်နယ်လွှတ်တော်အမတ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ နှင့် မွန်ပြည်နယ် ၁၀ မြို့နယ်မှဧည့်သည်တော်များ စုစုပေါင်း လူ ၁ သောင်းကျော်ကျော်ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ စာပေယဉ်ကျေးမှုဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးရည်ရွယ်ချက်များဖြင့် မွန်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း အနှစ် (၄၀) မွန်ပြည်နယ်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ၊ စီးပွား/စီမံ ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဒေါက်တာမင်းနွယ်စိုးက “မွန်လူမျိုးတွေရဲ့ကြမ္မာကို မွန်လူမျိုးတွေက ဖန်းတီးရမယ်ဆိုတဲ့ အပေါ်မှာ စာပေယဉ်ကျေးမှုပါမယ်၊ ဒေသဖွံ့ဖြိုးရေးလည်းပါမယ်၊ စီးပွားရေးမှာ လူတကာတွေနဲ့ယှဉ်နိုင်အောင် ကျနော်တို့လူမျိုးတွေ ကြိုးစားရမယ်၊ ၂၀ဝ၈ အခြေခံဥပဒေလည်း ပေါ်လာပြီ ကိုယ့်ပြည်နယ်အစိုးရနဲ့ကိုယ်ဖြစ်နေပြီ၊ လွှတ်တော်လည်းပေါ်လာပြီးဆိုတော့၊ ကိုယ့်ရဲ့ မွန်ပြည်နယ်ကို ကိုယ့်နိုင်ငံက ပြည်သူတွေ သိရုံနဲ့ မပြီးဘူး၊ နိုင်ငံတကာကလည်း သိသင့်တယ်” ဟု ပြောသည်။

    အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှလည်း နှစ် (၄၀) ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ရာ အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

    သမ္မတ သဝဏ်လွှာ၌ “၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လွှတ်တော်များအဖြစ် အာဏာခွဲဝေပေးခြင်း မရှိခဲ့သော်လည်း ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသီးသီး၌ လွှတ်တော်များ ဖွဲ့စည်း၍ ဥပဒေပြုအာဏာ ခွဲဝေအပ်နှင်းထားပါသည်။ ဒီမိုကရေစီ အတွေ့အကြုံနှင့် ဒီမိုကရေစီ ကျင့်စဉ်များ ရင့်ကျက်လာသည်နှင့်အမျှ ပြည်ထောင်စု၏ ဥပဒေပြုခွင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တို့၏ ဥပဒေပြုခွင့်တို့ကို အဆင့်ဆင့် ခွဲဝေပေးခြင်းအားဖြင့် စစ်မှန်သော ပြည်ထောင်စုစနစ်သို့ ရောက်ရှိစေမည်” ဟု ဖေါ်ပြထားသည်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန် ပြည်ထောင်စုဖွဲ့စည်းပုံတွင် တနင်္သာရီတိုင်းဒေသကြီး၌ လက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ပါဝင်လျက်ရှိပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၌ မွန်တိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသားများ၏ တောင်းဆိုမှုကြောင့် ၁၉၇၃ ခုနှစ်တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဟူ၍ သီးခြား ဖွဲ့စည်းနိုင်ရန် စီမံခဲ့ပါသည်ဟု သဝဏ်လွှာတွင် ဆက်လက်ဖေါ်ပြထားသည်။

    ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) တွင် “မွန်ပြည်နယ်” ဟု စတင်အသိအမှတ်ပြု ရေးဆွဲခဲ့သည့် ၁၉၇၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks