spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်အဆိုတော်လဝီ၏ “နိဒါန်း” တေးစီးရီး စတင်ဖြန့်ချိ

    မွန်အဆိုတော်လဝီ၏ “နိဒါန်း” တေးစီးရီး စတင်ဖြန့်ချိ

    -

    ခတ္တာနန်း – မွန်အဆိုတော် လဝီ၏ “နိဒါန်း” အမည်ရှိ ပထမဆုံး မြန်မာတေးစီးရီးဖြစ်သည့် ယခုလ ၂၃ ရက်နေ့တွင် စတင်ဖြန့်ချိနေပြီဟု သိရသည်။

    လဝီက” မြန်မာတေးဂီတလောကမှာ အခုလက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေဆိုရင် တိုင်းရင်းသားတွေ အများစုဖြစ်ပါတယ်၊ ဒါကြောင့် ဒီအထဲမှာ မွန်လူမျိုးလည်း ပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို မြန်မာတေးစီးရီးကို ထုတ်ဖြစ်တာပါ” ဟု ပြောသည်။

    ဆက်လက်ပြီး မွန်လူမျိုးတစ်ဦးအနေဖြင့် မိမိတို့၏စွမ်းရည်ကိုဖော်ထုတ်ပြသသင့်ကြောင်း၊ နိုင်ငံအတိုင်းအတာအဆင့် အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်းဖြင့် မိမိတို့၏လူမျိုးဂုဏ်ရောင်ကို မြှင့်တင်စေလိုကြောင်း သူကဆက်ပြောသည်။

    နိဒါန်းတေးစီးရီးအား IRON CROSS အဖွဲ့ဖြင့် PTL Studio တွင်တီးခတ်အသံသွင်းထားပြီး သီးချင်ခေါင်းစဉ်များက “ဒီလိုနဲ့၊ ရှင်ကွဲ၊ ဂျေတော့ပ်၊ နေ့စွဲဟောင်း၊ မြို့ပြ၊ အလွမ်းတေးကဗျာ၊ သူငယ်ချင်းများ၊ အသည်ကွဲည၊ နိဒါန်း၊ မိုးမုန်တိုင်း၊ ဘဝ နှင့် ဆေးကြောလိုက်” တို့ ပါဝင်သည်ဟု သိရသည်။

    ယင်းနိဒါန်းတေးစီးရီးသီချင်း ၁၂ ပုဒ်အနက် လဝီကိုယ်တိုင်ရေး ၉ ပုဒ်၊ တေးရေး စလားရှူဖန်း ၃ ပုဒ်ရေးသားထားပြီး ယခုတေးစီးရီးထွက်ရှိနိုင်ရေးအတွက် ၃ နှစ်ခန့် အချိန်ယူခဲ့ရသည်ဟု ဆိုသည်။

    လဝီက“မြန်မာတေးစီးရီးထုတ်သလို မွန်တေးစီးရီးကိုလည်း မပစ်လိုက်ပါဘူး၊ ကျနော် ၂ ခုစလုံးကို ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

    လွန်ခဲ့သည့် ၃ နှစ်ခန့်တွင် လဝီ၏ “ဂျေတော့ပ်” အမည်ရှိ မွန်သီချင်း Rock တစ်ကိုယ်တော် တေးစီးရီးထုတ်ဝေခဲ့ရာ အောင်မြင်မှုရရှိခဲ့သဖြင့် မွန်ဂီတအသိုင်းအဝိုင်းတွင် “လဝီ” ဟု လူသိများလာခြင်းဖြစ်သည်။

    မွန်အဆိုတော်တစ်ယောက် မြန်မာ့ဂီတလောကအသိုင်းအဝိုင်းတွင် ထင်ပေါ်ကျော်ကြားခဲ့မည်ဆိုလျှင် မိမိတို့လူမျိုးဂုဏ်မြင့်တင်ရာရောက်မည်ဖြစ်ကြောင်း မွန်ဂီတပညာရှင်တစ်ဦးဖြစ်သူ “အိုင်းမွန်” က ပြောသည်။

    အိုင်းမွန်က “ဒီစီးရီးပေါက်မယ် မပေါက်ဘူးဆိုတာတော့ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ၊ ဒါပေမယ့် ခေတ်မီတိုးတက်တဲ့ ဒီခေတ်မှာ အခုလို လဝီအနေနဲ့ မြန်မာသီချင်းဆိုနိုင်တာကို သူ့ရဲ့သတ္တိပဲ၊ ကျနော်ကတော့ ဒီစီးရီးပေါက်မယ်လို့ ယုံကြည်တယ်” ဟု ဆက်ပြောသည်။

    မွန်အဆိုတော်များအနေဖြင့် မြန်မာတေးစီးရီးထုတ်သူမများလှကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်တွင် မွန်အဆိုတော် “ငြိမ်းစည်သူ” မြန်မာတေးစီးရီးထုတ်ခဲ့ဖူးကြောင်း၊ လွန်ခဲ့သည့် အနှစ် ၃၀ ခန့်တွင် မွန်အဆိုတော် ဇော်လတ်က “မမေ့ပန်း” စီးရီးဖြင့် တေးစီးရီးတစ်ကြိမ်ထုတ်ခဲ့ဘူးကြောင်း မွန်ဂီတသမားများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks