spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအာစီယံလူငယ်များဖိုရမ် တက်ရောက်ရန် မွန်လူငယ်များပြင်ဆင်

    အာစီယံလူငယ်များဖိုရမ် တက်ရောက်ရန် မွန်လူငယ်များပြင်ဆင်

    -

    မင်းသုတ – လာမည့်မတ်လအတွင်း ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် အာစီယံလူငယ်များဖိုရမ်သို့ မွန်တိုင်းရင်းသား လူငယ်များတက်ရောက်နိုင်ရန် ပြင်ဆင်နေနေသည်ဟု မွန်ပြည်နယ်လုံးဆိုင်ရာလူငယ်ဖိုရမ် ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုကြည်ဇော်လွင်က ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားလူငယ်များအပြင် ဗမာ၊ ပအိုဝ်း၊ ကရင်တိုင်းရင်းသားလူငယ်များ၊ နိုင်ငံရေးပါတီများမှလူငယ်များ၊
    လူမှုအဖွဲ့အစည်းလူငယ်ကိုယ်စားလှယ်များနှင့် ကျင်းပရေးကော်မတီဝင် စုစုပေါင်း ၁၅၀ ဦးခန့်ပါဝင်မည့် မွန်ပြည်နယ်လူငယ်များဖိုရမ်ကို ဖေဖော်ဝါရီလ (၁၈-၁၉)ရက်များတွင် မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    ကိုကြည်ဇော်လွင်က “အခုမွန်ပြည်နယ်ဖိုရမ်မှာကိုယ်စားလှယ် ၁၅ ဦးရွေးချယ်ပြီး နောက်လမှာကျင်းပမယ့် မြန်မာလူငယ်ဖိုရမ်ကိုတက်ရောက်ပါမယ်၊ အဲဒီကတဆင့် အမြင်သဘောထားတွေစုစည်း ကိုယ်စားလှယ်တွေရွေးချယ်ကြပြီး အာစီယံလူငယ်ဖိုရမ်ကို ဆက်ပြီးတက်ရောက်မှာဖြစ်တယ်” ဟု ပြောသည်။

    ထို့အပြင် အာစီယံလူငယ်များဖိုရမ်များပြုလုပ်ခြင်းဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် အခြားကဏ္ဍနယ်ပယ်အသီးသီးရှိ လူငယ်များ၏တူညီသောအသံများထွက်ပေါ်လာမည်ဖြစ်ပြီး အာစီယံဆက်ဆံရေးတွင် လူငယ်များပိုမိုပါဝင်လာမှု၊ ပိုမိုချစ်ခင်ရင်းနှီးစေမှု၊ ပြည်တွင်းနှင့်ဒေသလုံးဆိုင်ရာကိစ္စရပ်များတွင် လူငယ်များစွမ်းရည်ပြည့်ပါဝင်နိုင်မှု၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေးနှင့် အခြားကဏ္ဍရပ်များတွင် ပါဝင်ခွင့်ရရှိလာမည်ဟု သူကဆိုသည်။

    မွန်လူငယ်ဖိုရမ်အတွင်းရေးမှူး မင်းဉာဏ်စိုက်ရာမာဉ်က “အာစီယံလူငယ်များဖိုရမ်ကနေ ထွက်ပေါ်လာတဲ့လူငယ်အသံတွေကို အာစီယံပြည်သူ့ဖိုရမ် ACSC/APF ကို ဆက်လက်တင်ပြမယ်၊ အဲဒီကနေကတဆင့် အာဆီယံထိပ်သီးအဆင့်အထိ ကျနော်တို့အာစီယံလူငယ်တွေရဲအမြင်သဘောထားတွေကို တင်ပြသွားဖို့ပါ” ဟု ပါဝင်တက်ရောက်ခဲ့သူ ပြောသည်။

    မင်းဉာဏ်စိုက်ရာမာဉ်သည် ကမ္ဘောဒီယားလူငယ်ဖိုရမ်(၂၀၁၂)သို့၄င်း၊ ၂၀၁၁ အင်ဒိုနီးရှားလူငယ်ဖိုရမ်နှင့်ပြည်သူ့ဖိုရမ်သို့ မြန်မာလူငယ်ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ဘူးသည်ဟု ၄င်းပြောပြချက်အရ သိရသည်။

    ယခုကျင်းပမည့် မွန်ပြည်နယ်လူငယ်ဖိုရမ်မှထွက်ပေါ်လာသောအသံသည် မြန်မာလူငယ်ဖိုရမ်မှတဆင့် အာစီယံလူငယ်များဖိုရမ်၊ အာစီယံပြည်သူ့ဖိုရမ်၊ အာစီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးသို့ ရောက်ရှိမည်ဟု မျှော်လင့်ကြောင်း မင်းဉာဏ်စိုက်ရာမာဉ်က ပြောသည်။

    ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန် အလှည့်ကျအာစီယံအသင်းဥက္ကဌဖြစ်လာသဖြင့် အာစီယံနှင့်သက်ဆိုင်သော အစည်းအဝေးများ မြန်မာနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည့်အတွက် အာစီယံလူငယ်များဖိုရမ် ရန်ကုန်မြို့တွင် ပြုလုပ်ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks