spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဖားအံဆွေးနွေးပွဲနှင့် ပတ်သက်၍ NCCT နှင့် ဦးအောင်မင်းတို့ အကြိုညှိနှိုင်းမှုပြုလုပ်

    ဖားအံဆွေးနွေးပွဲနှင့် ပတ်သက်၍ NCCT နှင့် ဦးအောင်မင်းတို့ အကြိုညှိနှိုင်းမှုပြုလုပ်

    -

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိုနှိုင်ဆွေးနွေးရေးအဖွဲ့ဇန်နဝါရီ ၂၉ ရက်နေ့တွေ့ဆုံပွဲ (ပုံ - ညိုအုန်းမြင့်)
    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိုနှိုင်ဆွေးနွေးရေးအဖွဲ့ဇန်နဝါရီ ၂၉ ရက်နေ့တွေ့ဆုံပွဲ (ပုံ – ညိုအုန်းမြင့်)
    ခတ္တာနန်း – ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် လေးဝါး (ခေါ်) လော်ခီးလာတွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများညီလာခံ ကျင်းပပြီးနောက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (NCCT – Nationwide Ceasefire Coordinating Team) နှင့် ဦးအောင်မင်းခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့တို့ လာမည့် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် ဖားအံဆွေးနွေးပွဲ မတိုင်မှီ အကြိုတွေ့ဆုံမှု တစ်ရပ်ကို ယနေ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တွင် ပြုလုပ်ခဲ့ပါသည်။

    ထိုတွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက “လော်ခီးလာ ညီလာခံက ရလာတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာပါတဲ့ အချက်တွေကို ဆွေးနွေးကြတယ်၊ ဒီဆွေးနွေးပွဲကတော့ အလွတ်သဘောပါပဲ၊ ဒီအချက်တွေကို တစ်ဖက်ကလည်း အထက်ကို ဆက်တင် သွားလိမ့်မယ်” ဟု ပြောသည်။

    ယခုတွေ့ဆုံပွဲတွင် ဆုံးဖြတ်ချက် တစုံတရာ ချသွားမည် မဟုတ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်အပေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ပြုပြင်သင့်သည့် အချက်များကို ထောက်ပြခဲ့ကြောင်း၊ ပြင်ဆင်မှုများကို NCCT ကသာလျင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ‘နိုင်ဟံသာ’ က ဆက်ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဘောထားဖြစ် လော်ခီးလာဆုံးဖြတ်ချက်တွင် အတည်ပြုထားသည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် အချက်ပေါင်း (၁၁) ချက် ပါဝင်ကြောင်း၊ ထိုသဘောတူညီချက်များ ဆွေးနွေးရန်အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံဆွေးနွေးနိုင်ရေးအတွက် အဆိုပြုထားကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC – Myanmar Peace Center) မှ အကြီးတန်းရာရှိ ‘ဦးလှမောင်ရွှေ’ က ပြောသည်။

    ဆက်လက်၍ မိမိတို့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ ချမှတ်ထားသည့်မူနှင့် ကိုက်ညီမှုရှိသည့် အချက်များကို ညှိုနှိုင်းနိုင်ကြောင်းနှင့် မူနှင့် ကိုက်ညီမှု မရှိသည့်အချက်များကို ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

    ဦးလှမောင်ရွှေက “ အခုတွေ့ဆုံတာဟာ ဖားအံဆွေးနွေးပွဲအတွက်ကို ကြိုတင်ပြင်ဆင်တဲ့ အကြိုညှိနှိုင်း ဆွေးနွေးပွဲလို့ ပြောလို့ရပါတယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က သဘောတူရင် ဖားအံပွဲ မရောက်ခင် (၂) ကြိမ်လောက် တွေ့ဖို့ကို လျာထားပါတယ်” ဟု ပြောသည်။

    ဒုတိယအကြိမ် အကြိုညှိနှိုင်းမှုကို လာမည့် ဖေဖော်ဝါရီ ဒုတိယသတ္တပတ်တွင် ရန်ကုန်မြို့တွင် ပြုလုပ်နိုင်ရန် အတွက် အဆိုတင်သွင်းထားကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

    ယခုလ ဇန်နဝါရီလ ၂၀ မှ ၂၅ ရက်နေ့ထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ညီလာခံကို ၆ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ဖားအံဆွေးနွေးပွဲ မတိုင်မှီ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ ပထမအကြိမ် တွေ့ဆုံကြခြင်းဖြစ်သည်။

    လော်ခီးလာ ညီလာခံကြီးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ပေါင်း ၁၇ ဖွဲ့ တက်ရောက်ခဲ့ပြီး ညီလာခံအပြီးတွင် အချက် ၆ ချက်ပါ ကြေညာချက် တစ်ဆောင်ကို ထုတ်ပြန်နိုင်ခဲ့သည်။

    အလားတူ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ဖြစ်သည့် လိုင်ဇာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တို့၏ ပထမအကြိမ် ညီလာခံတစ်ရပ်ကို ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks