spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းစစ်တပ်၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ပေးရေး တောင်းဆို

    စစ်တပ်၏လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ပေးရေး တောင်းဆို

    -

    WLB ထုတ်ပြန်ချက်စာအုပ်အဖုံး(WLB)
    WLB ထုတ်ပြန်ချက်စာအုပ်အဖုံး(WLB)
    ခတ္တာနန်း – မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကာလတွင် တိုင်းရင်းသားဒေသအတွင်းရှိ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာတစ်ခုကဲ့သို့ အသုံးပြုနေမှု ရပ်တန့်စေရေးအတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ယနေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

    ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) မှ တွဲဖက်အတွင်းရေးမှူး ဂျက်စီကာက “ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ အစိုးရပြောနေပေမယ့် တိုင်းရင်းသားဒေသတွေမှာရှိတဲ့ အမျိုးသမီးတွေကတော့ အစိုးရစစ်တပ်ရဲ့ ညှင်းပမ်းနှိုပ်စက်မှုအောက်က မလွတ်မြောက်နိုင်သေးဘူး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ဖို့ဆိုရင် ဒါတွေမဖြစ်သင့်ပါဘူး” ဟုပြောသည်။

    အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့်စနစ်များ” ခေါင်စဉ်အောက်တွင် မြန်မာ့တပ်မတော်၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် စစ်မှန်သည့်ဒီမိုကရေစီအစိုးရမပေါ်ပေါက်မချင်း ရပ်တန့်မည်မဟုတ်ဟူသော အချက်ကိုထောက်ပြထားသည်။

    စစ်တပ်အနေဖြင့် အရပ်သားအစိုးရ၏ ကွပ်ကဲမှုလက်အောက်တွင်ရှိသင့်ကြောင်းနှင့် ယခင်စစ်အစိုးရ လက်ထက်ကဖြစ်ပျက်ခဲ့သည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကဲ့သို့ ယခု အစိုးရစစ်တပ်အနေနှင့် ဆက်လက်မကျူးလွန်သင့်ကြောင်းကို မီးမောင်ထိုးပြထားသည်ဟု ဂျက်စီကာက ဆက်ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲ ကာလနောက်ပိုင်း အစိုးရတပ်မတော်၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသော အမျိုးသမီးအမှုပေါင်း ၁၀ဝ ကျော်ပါဝင်သည့် WLB အဖွဲ့ဝင်အချက်အလက်မှတ်တမ်းများကို အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားသည်။

    အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ပဋိပက္ခကြားတွင် အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွင် စစ်ရေးဗျူဟာတစ်ခုအဖြစ် အသုံးပြုနေသည်ကိုလေ့လာတွေ့ရှိရပြီး တိုင်းရင်းသူအများစုသာ ခံစားနေရကြောင်း၊ ထိုသို့ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်မှုများကို သက်ဆိုင်ရာ အာဏာပိုင်တို့အရေးယူမှု မရှိခဲ့ကြောင်းကိုလည်း ထိုအစီရင်ခံစာတွင် ထောက်ပြထားသည်။

    အမျိုးသမီးနှင့်ကလေးအခွင့်အရေး အစီအစဉ်မှ Program Coordinator မိထောချမ်းက “WLB က ထုတ်တဲ့ ဒီအစီရင်ခံစာက အရမ်းကောင်းပါတယ်၊ တိုင်းရင်းဒေသတိုင်းကအဖြစ်မှန်တွေ ဖော်ပြနိုင်တော့ ဒီလိုအကြမ်းဖက်တဲ့ကိစ္စရပ်တွေကို ပိုမိုရှင်းလင်းမြင်သာစေတယ်”ဟု ပြောသည်။

    ယခင်ကာလများတွင် မွန်အမျိုးသမီးများသည် စစ်တပ်၏လိင်ပိုင်းအကြမ်းဖက်မှုကိစ္စရပ်များကို ဖွင့်ဟပြောဆိုရဲသည့်အခြေအနေမရှိခြင်းကြောင့် အသံတိတ်ဆိတ်ခဲ့သော်လည်း ယခုခေတ်ကာလတွင် ပြည်သူများပိုမိုဖွင့်ဟဝန်ခံပြောဆိုရဲလာသည့်အတွက် ပိုမိုသိရှိလာရကြောင်း မိထောချမ်းက ဆက်ပြောသည်။

    လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ကျုံညဲရွာမှ မွန်အမျိုးသမီးငယ်တစ်ဦးအား ခလရ (၃၁) စစ်သားတစ်ဦး၏မုဒိန်းကျင့်ခံခဲ့ရသော်လည်း မြန်မာအာဏာပိုင်များတစုံတရာအရေးယူမှု မရှိခဲ့သည်ကို သူမက ထောက်ပြသည်။

    အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ)ကို ၁၉၉၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ်အခြေစိုက် မြန်မာနိုင်ငံအမျိုးသမီး အဖွဲ့အစည်းများပါဝင်ပြီး ယနေ့အစီရင်ခံစာနှင့် ပတ်သက်သောသတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံတို့တွင်လည်း တပြေးညီပြုလုပ်ခဲ့သည်။

    အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ စွမ်းရည်မြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျားမတန်းတူရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေး၊ လူမှုကဏ္ဍအသီးသီးဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများပါဝင်လာရေးနှင့် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးတို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts