spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီပေါင်းစည်းရေး တိကျသည့်အဖြေ မနက်ဖြန်တွင် ဆုံးဖြတ်ကြမည်

    မွန်နှစ်ပါတီပေါင်းစည်းရေး တိကျသည့်အဖြေ မနက်ဖြန်တွင် ဆုံးဖြတ်ကြမည်

    -

    မင်းလုံး – မွန်နိုင်ငံရေးပါတီများဖြစ်ကြသော မွန်ဒေသလုံးဆိုင်ရာဒီမိုရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP တို့၏နှစ်ဖက်ကိုယ်စားလှယ်များသည် မနက်ဖြန်နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ ဓာတုမာလာဘုန်းတော်ကြီးကျောင်း၌ မွန်နှစ်ပါတီပေါင်းစည်းရေးဖြစ်နိုင်မနိုင် တိကျသည့်အဖြေရလာဒ် ဆုံးဖြတ်ချက်ကို အဓိကထားဆွေးနွေး ဆုံးဖြတ်သွားကြမည်ဟု သိရသည်။

    မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
    မွန်နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတစ်ခု (IMNA)
    ပါတီတစ်ခုစီအတွက် ကိုယ်စားလှယ် ၁၅ ဦးအသီးသီးရွေးချယ်ပြီး ဆွေးနွေးရမည်ဟု မွန်သံဃောတော်များဦးဆောင်သည့် ညှိနှိုင်းရေးကော်မတီအဖွဲ့က တောင်းဆိုခဲ့သဖြင့် ယခုအခါ MDP ပါတီက ဒုဥက္ကဌအပါအဝင် ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင် ၁၅ ဦးတို့ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း MDP ပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ဒေါက်တာမင်းကြည်ဝင်းက “ဟိုဘက်ပါတီကပေါင်းမယ် မပေါင်းဘူးဆိုတာကို ဒီနေ့အထိမသေချာသေးဘူး၊ ကျနော်တို့တွေ့ ဆုံတဲ့အကြိမ်ပေါင်းလည်းများသွားပြီး၊ ပြီးခဲ့တဲ့လတုန်းက နှစ်ဖက်ကိုယ်စားလှယ်တွေတွေ့ဆုံတော့ ဒီ၂၂ ရက်နေ့မှာ တိကျတဲ့အဖြေပေးမယ်လို့ပြောတာပဲ၊ ဒီအဖြေကတော့ Yes or No ပဲ ဖြစ်မှာပေါ့ဗျာ” ဟု ပြောသည်။

    မွန်ဒီမိုကရေစီပါတီအနေဖြင့် နှစ်ပါတီပူးပေါင်းရေးအတွက် တညီတညွတ်တည်းဆုံးဖြတ်ချက်ရှိပြီး အဆင်သင့်ဖြစ်နေကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

    အကယ်၍ AMDP ပါတီက မွန်နှစ်ပါတီပေါင်းစည်းရေးကို သဘောတူမည်ဆိုပါက ပူးပေါင်းရေးကော်မတီတစ်ရပ်ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းကော်မတီတွင် ကိုယ်စားလှယ် ၁၅ ဦး ထပ်မံရွေးချယ်၍ ပါတီသစ်အတွက် အမည်နှင့်အလံရွေးချယ်ခြင်း၊ မူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သူက ဆက်ပြောသည်။

    မွန်ပြည်နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မွန်ဒေသလုံးဆိုင်ရာဒီမိုရေစီပါတီ ဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးကလည်း “ကျနော်တို့ မွန်တိုင်းရင်းသားတွေတော်တော်များများက မွန်နှစ်ပါတီကိုပေါင်းစည်းစေချင်ကြတယ်၊ သံဃောတော်တွေက အစပေါ့၊ ကျနော်တို့ နိုင်ငံရေးသမားတွေက လူထုဆန္ဒကိုဦးထိပ်ထားရမှာပဲ၊ နှစ်ပါတီပေါင်းစည်းဖြစ်ရင် ပြည် နယ်အတွက်အင်အား ခိုင်ခိုင်မာမာဖြစ်လာမယ်၊ မပေါင်းစည်းဖြစ်ဘူးဆိုရင်တော့ ကွဲကွဲပြားပြားနဲ့ သူများတွေပဲ အနိုင်ရသွားမှာပါ” ဟု ပြောသည်။

    လွန်ခဲ့သည့် နိုဝင်ဘာလ ပထမအပတ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုရေစီပါတီ၏ ပါတီဗဟိုရုံးချူပ်တွင် ယင်း မွန်နှစ်ပါတီဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးရန် ကိုယ်စားလှယ် ၁၅ ဦးကိုရွေးချယ်ထားပြီး နိုဝင်ဘာ ၂၂ ရက်နေ့၌ တိကျသည့်အဖြေတစ်ခုထွက်ပေါ်လာမည်ဟု သူက ဆက်ပြောသည်။

    မွန်ဒီမိုကရေစီပါတီသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်ဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၁၀ ကို လက်မခံသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပေ။

    ထို့နောက် လက်ကျန်မွန်နိုင်ငံရေးခေါင်ဆောင်အချို့က မွန်ဒေသလုံးဆိုင်ရာဒီမိုရေစီပါတီ AMDP ဟု မှတ်ပုံတင်ကာ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ကိုယ်စားပြုပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ် ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

    တဖက်တွင်လည်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အဖြစ်အမည်ပြောင်းလဲပြီး ပြန်လည်မှတ်ပုံတင် လိုက်ခြင်းကြောင့် မွန်နိုင်ငံရေးနှစ်ပါတီ အပြိုင်ဖြစ်ပေါ်လာရသည်ကို တွေ့ရှိရသည်။

    အလားတူ ၂၀၁၀ ရွေးကောက်ပွဲကာလအတွက် တိုင်းရင်းသားပါတီသစ်အသီးသီးတို့ ရွေးကောက်ပွဲဝင်ကြသဖြင့် ရွေးကောက်ပွဲမဝင်ကြသော တိုင်းရင်းသားပါတီဟောင်းများနှင့် အပြိုင်အဆိုင်ဖြစ်လာကြပြီး ယခုအခါ တိုင်းရင်းသားအလိုက် ပါတီပေါင်းစည်းရေးကိစ္စရပ်များ ကြိုးစားဆောင်ရွက်လျှက်ရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks