spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအပစ်ရပ်စဲရေးမူကြမ်းပါ အချက်အလက်သစ်များ မွန်ပြည်သစ်ပါတီ လက်မခံနိုင်

    အပစ်ရပ်စဲရေးမူကြမ်းပါ အချက်အလက်သစ်များ မွန်ပြည်သစ်ပါတီ လက်မခံနိုင်

    -

    မင်းသုတ – မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ယခင်ချုပ်ဆိုခဲ့သောသ ဘောတူညီချက်များတွင် မပါရှိခဲ့သော အချက်အလက်များကို အစိုးရ၏တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်(မူကြမ်း)တွင် ထပ်မံဖြည့်စွက်ရေးသားထားသည်ကို မွန်ပြည်သစ်ပါတီက လက်မခံနိုင်ဟု ဒုဥက္ကဌနိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာက “အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်သွားရန်ဆိုတဲ့အချက်လိုဟာမျိုးက လက်တွေ့အရ မဖြစ်နိုင်ပါဘူး၊ ဒါနဲ့အလားတူပါဘဲ ကျနော်တို့မွန်ပြည်သစ်ပါတီနဲ့အစိုးရ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တုန်းက ပြည်နယ်အဆင့်မှာရော ပြည်ထောင်စုအဆင့်မှာပါ လုံးဝမပါဝင်တဲ့အချက်အလက်တွေကိုလည်း ထပ်ပြီးထည့်သွင်းထားတယ်၊ ဒါကို ကျနော်တို့လက်မခံနိုင်ဘူး” ဟုပြောသည်။

    အစိုးရ၏ သဘောတူညီချက် စာချုပ်-မူကြမ်း (Copy)
    အစိုးရ၏ သဘောတူညီချက် စာချုပ်-မူကြမ်း (Copy)
    ထို့အပြင် တပ်စခန်းအသစ်များတည်ဆောက်ခြင်း၊ တပ်ဖွဲ့ဝင်သစ်များစုဆောင်းခြင်း၊ လက်နက်ခဲယမ်းများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် စုဆောင်းခြင်းတို့အား မပြုလုပ်ရန် ဟူသည့်အချက်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား သွယ်ဝိုက်သောနည်းလမ်းဖြင့် လက်နက်ချစေခြင်းသာ ဖြစ်သည်ဟုလည်း သူကထောက်ပြသည်။

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့တို့ ယခုလပထမပတ်၌ ၂ ရက်ကြာဆွေးနွေးခဲ့ကြစဉ် စာမျက်နှာ ၁၁ မျက်နှာ၊ အခန်း ၁၄ ခန်းပါ အစိုးရ၏တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောသဘောတူညီချက် စာချုပ်(မူကြမ်း)ကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များထံ ပေးအပ်ခဲ့ရာတွင် ယင်းအချက်များထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။

    နိုင်ဟံသာက “အစိုးရစစ်တပ်ငွေကောက်တဲ့အခါ အခွန်လို့ပြောပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ ထောက်ပံ့ကြေးယူတဲ့အခါ ဆက်ကြေးကောက်တယ်ဆိုပြီး သုံးနှုန်းတာကလည်း မတရားဘူးဗျ” ဟု ဆက်ပြောသည်။

    အလားတူ စစ်အစိုးရလက်ထက် စစ်စခန်းများတည်ဆောက်ရန်နှင့် တပ်မတော်၏စီးပွားရေးလုပ်ငန်းများအတွက် ဒေသခံတို့၏မြေယာများသိမ်းဆည်းခဲ့ခြင်းကိစ္စရပ်များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ယူမှုရှိရန် လိုအပ်ကြောင်း သူကဆက်လက်ထောက်ပြသည်။

    ယင်းထောက်ပြပြောဆိုမှုများသည် နိုဝင်ဘာလ ၁၃ မှ ၁၅ ရက်နေ့အတွင်း ၃ ရက်ကြာကျင်းပခဲ့သော မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီရေးပေါ်အစည်းအဝေးမှ သုံးသပ်ချက်များဟု သိရသည်။

    သို့ရာတွင် နှစ်ဖက်အမြင်ဝေးကွာနေမှုအပေါ် သဘောထားကြီးစွာဖြင့်ညှိနှိုင်းအဖြေရှာရင်း နိုင်ငံရေးဆွေးနွေးပွဲများအမြန်ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုဖွဲ့ထားသော Nationwide Cease-fire Coordinating Team (NCCT) ထံ တင်ပြဆွေးနွေးမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလတွင် KNU ထိန်းချုပ်ရာ ကရင်နယ်မြေအတွင်းပြုလုပ်မည့် တိုင်းရင်းသားညီလာခံမှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီထံ ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဟု ဆိုသည်။

    အလားတူ ရန်ကုန်တွင်ရောက်ရှိနေသည့် NCCT ဒုခေါင်းဆောင် KIA ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “ပြီးခဲ့တဲ့မြစ်ကြီးနားဆွေးနွေးပွဲမှာ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ခေါင်းစဉ်တွေကိုတင်ပြခဲ့တယ်၊ အခုကျနော်သွားမယ့်ခရီးစဉ်မှာ အသေးစိတ်အချက်အလက်တွေ ရေးဆွဲဖို့ဖြစ်တယ်” ဟု ဗဟန်းမြို့နယ်က Business Alliance Hotel ၌ သတင်းထောက်များနှင့် ယမန်နေ့တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ Nationwide Cease-fire Coordinating Team (NCCT) တွင် နိုင်ဟံသာ(မွန်ပြည်သစ်ပါတီ)က ခေါင်းဆောင်ဖြစ်ပြီး ဒုတိယခေါင်းဆောင်များအဖြစ် ပဒိုစောကွယ်ထူးဝင်း(KNU) နှင့် ဗိုလ်ချုပ်ဂွမ်မော်(KIA) တို့အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် တိုင်းရင်းသားများညီလာခံ(လိုင်ဇာ)မှ ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks