Tuesday, March 10, 2026
More
    spot_img
    Homeသတင်းပထမဆုံး တိုင်းရင်းသားများရိုးရာ လက်ထပ်မင်္ဂလာပြပွဲကျင်းပ

    ပထမဆုံး တိုင်းရင်းသားများရိုးရာ လက်ထပ်မင်္ဂလာပြပွဲကျင်းပ

    -

    အေမီအောင် – မြန်မာနိုင်ငံတွင် ပထမဆုံး “ အနန္တမဟာ မင်္ဂလာသဘင် ” အမည်ရှိ တိုင်းရင်းသားရိုးရာ လက်ထပ်မင်္ဂလာကျင်းပပုံများ ပြပွဲတင်ဆက်မှုကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သည်။

    မိမိတို့ ဘိုး၊ဘွား၊ဘီ၊ဘင် အဆက်ဆက်က ဆင်းသက်လာသည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတိုင်း မည်သို့ဆောင်ရွက်ခဲ့ကြသည်ကို အချင်းချင်း အပြန်အလှန် တိတိကျကျ သိကြရန်လိုအပ်သည်ဟု မြန်မာ့အနုပညာရှင် ဗိုလ်ကလေးတင့်အောင်က အဖွင့်မှာစကားတွင် ပြောကြားသည်။

    မွန်လူမျိုး လက်ထပ်မင်္ဂလာ ပြကွက် (Mi Kon Htaw)
    မွန်လူမျိုး လက်ထပ်မင်္ဂလာ ပြကွက် (Mi Kon Htaw)
    ဘိုကလေးတင့်အောင်က “ ကျနော်တို့ တိုင်းရင်းသားတွေက တောင်ပေါ် မြေပြန့်နေရာအနှံ့ရှိကြတယ်၊ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုဟာ တတ်နိုင်သမျှ နီးစပ်အောင်လုပ်ဖို့လိုအပ်တယ်၊ ချစ်သူတစ်ဦးနဲ့တစ်ဦး၊ နှစ်ဦးနီးစပ်ဖြစ်ခဲ့ပုံတွေ သိသင့်တယ်” ဟုပြောသည်။

    တိုင်းရင်းသားလူမျိုးများဖြင့် တည်ထောင်ထားသော မြန်မာနိုင်ငံသည် လူမျိုးတိုင်းတွင် ကိုယ်ပိုင်ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှု အသီးသီးရှိနေကြပြီး ရိုးရာပျောက်လျှင် လူမျိုးပျောက်၊ ရိုးရာကွယ်လျှင် လူမျိုးကွယ်တော့မည်ကို နောင်လာနောင်သားများ သိနားလည်အောင် ဖော်ပြချင်သောကြောင့် ဤပွဲကို ပြုလုပ်ရခြင်းဖြစ်သည် ဟု တိုင်းရင်းသားရိုးရာ လက်ထပ်မင်္ဂလာစီစဉ်သူ လီလီနိုင်ကျော် ကပြောသည်။

    လီလီနိုင်ကျော်က “တိုင်းရင်းသားတွေ အားလုံးထဲမှာ ရိုးရာယဉ်ကျေးမှုကို ထိန်သိမ်းနိုင်ဆုံးက မွန်လူမျိုးဖြစ်တယ်၊ ကျန်တဲ့တိုင်းရင်းသားများလည်း မိမိတို့ရိုးရာ မကွယ်ပျောက်ရလေအောင် တာဝန်တစ်ခုအနေနဲ့ ထိန်သိမ်းစောင့်ရှောက်သင့်တယ် ” ဟု ပြောသည်။

    သရုပ်ဆောင် ကိုအောင်ခိုင်က “ ကျနော်တို့ ကိုယ့် ရိုးရာထုံးတမ်းကို အမြတ်တနိုး တလေးတစားနဲ့ ယဉ်ကျေးမှု အစဉ်အလာကိုခင်တွယ်တဲ့ အနေနဲ့ တိုင်းရင်းသားများ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးချစ်ခင်စေချင်တယ်” ဟုပြောသည်။

    မွန်လူမျိုးလက်ထပ်မင်္ဂလာပြကွက်တွင် သရုပ်ဆောင် လူမင်းနှင့် မယ်လိုဒီ၊ ကယားပြကွက်တွင် ကျော်ကျော်ဗိုနှင့် ရှုတိုင်းယဉ်၊ ရခိုင်ပြကွက်တွင် နေတိုးနှင့် ဝတ်မှုံရွှေရည်၊ ချင်းပြကွက်တွင် အောင်ရဲလင်းနှင့် သက်မွန်မြင့်၊ မြန်မာပြကွက်တွင် ရန်အောင်နှင့် စိုးမြတ်သူဇာ၊ ကရင်ပြကွက်တွင် နေမင်းနှင့် ဖွေးဖွေး၊ ရှမ်းပြကွက်တွင် စိုင်းစည်တွမ်ခမ်းနှင့် ခင်ဝင့်ဝါ ၊ကချင်ပြကွက်တွင် ဒေါင်းလွန်းနှင့် အိချောပိုတို့ အသီးသီး သရုပ်ဆောင်ကြပြီး တိုင်းရင်းသား တစ်မျိုးစီကို ၅၃ မိနစ်ပြသခဲ့သည်ကို တွေ့ရှိရသည်။

    တိုင်းရင်းသားရိုးရာ လက်ထပ်မင်္ဂလာပြပွဲအစီအစဉ်သည် ပထမဆုံးအကြိမ်ကျင်းခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ သက်ကြီးအနုပညာရှင်များ၏ ရန်ပုံငွေအဖြစ် ကျင်းပခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks