Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမုတ္တမမြို့ဟောင်းစာတမ်းဖတ်ပွဲ မကြာမီတွင်ကျင်းပမည်

    မုတ္တမမြို့ဟောင်းစာတမ်းဖတ်ပွဲ မကြာမီတွင်ကျင်းပမည်

    -

    မင်းလုံး – မွန်ပြည်နယ်ရှိ မုတ္တမမြို့သည် ရှေးဟောင်းမြို့တော် သုံးကြိမ်တိုင်တိုင်ဖြစ်ရှိခဲ့ပြီး ယဉ်ကျေးမှုနယ်မြေအဖြစ် တူးဖေါ်သည့်အခါ အထောက်အကူဖြစ်စေရန်အတွက် မွန်ပြည်နယ်၊ မုတ္တမမြို့ရှိ အထကကျောင်းခန်းမတွင် မုတ္တမ မြို့ဟောင်းစာတမ်းဖက်ပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆရာဦးစံဝင်း (သမိုင်းသုတေသန) က “ကျနော် စာတမ်းရှင်တစ်ယောက်အနေနဲ့ မုတ္တမမြို့ ဟောင်းများဆိုတဲ့ခေါင်းစဉ်နဲ့ဖတ်မယ်၊ မုတ္တမမြို့ဟောင်းရဲ့ ရှေ့ဟောင်းပစ္စည်းများ မြို့ဟောင်းများ ကျုံးဟောင်းများ အဆောက်အအုံဟောင်းအကြောင်းတွေကိုလည်းပြောဖို့အစီအစဉ်ရှိပြီး စာတမ်း ၅ စောင် ဖတ်ကြားသွားမယ်”ဟု ပြောသည်။

    ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲ (Internet)
    ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲ (Internet)
    ပထမမုတ္တမမြို့ဟောင်းကို ဓညဝတီမြို့ဟုခေါ်ကာ ယခုမုတ္တမတောင်တန်း၏ မြောက်ဘက်တွင်တည်ရှိသည်၊ ဒုတိယမြို့ဟောင်းမှာ ဒုံမူးတမော့မြို့ဟုခေါ်ပြီး ယခုမုတ္တမမြို့ ချမ်းသာကြီးဘုရားအနီးတွင်ရှိသည့် မုတ္တမတောင် တန်း၏ အနောက်ဘက်တွင်တည်ရှိ၍ တတိယမြို့ဟောင်းမှာ မွန်ဘုရင်မဂဒူမင်း တည်ထောင်ခဲ့သည့် သီရိရတနာပူရပြီးဖြစ်ပြီး မုတ္တမတောင်တန်း၏ အရှေ့တောင်ဘက်တွင် တည်ရှိကြောင်း သူကဆက်ပြောသည်။

    ယခုကျင်းပမည့် မုတ္တမမြို့ဟောင်းစာတမ်းဖတ်ပွဲတွင် ဖတ်ကြားကြမည့် ပညာရှင်များမှာ မြန်မာနိုင်ငံသမိုင်းသုတေသနအဖွဲ့ဝင် ဆရာဦးစံဝင်း၊ ကျမ်းပြုပါရဂူဘွဲ့ရ ဒေါ်နန်းကြည်ကြည်ခိုင်၊ မော်လမြိုင် တက္ကသိုလ်မှပါမောက္ခများဖြစ်ကြသော ဒေါ်မြမြချို၊ ဒေါ်ကျင်စွမ်နှင့် ဒေါ်ခင်စောအောင်တို့ ဖြစ်သည်ဟု သိရသည်။

    “မဂဒူမင်းတည်ထောင်ခဲ့တဲ့ သီရိရတနာပူရမြို့လက်ထက်မှာ ထပင်ရွေထီးမင်းနဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပြီး တပင်ရွေထီးမင်းက မုတ္တမကိုသိမ်းယူခဲ့တဲ့အချိန်ကနေစပြီး မုတ္တမဟာသိပ်ပြီးတော့မစည်ကားတော့ဘူး၊ တဖြည်းဖြည်းနဲ့အင်္ဂလိပ်တွေရောက်လာတဲ့ ၁၈၂၆ ခုနှစ်မှာ စစ်ပွဲဖြစ်တော့ မုတ္တမကိုလည်းပဲ အင်္ဂလိပ်သိမ်းယူခဲ့တယ်” ဟု ဆရာဦးစံဝင်းက ရှင်းပြသည်။

    ဓညဝတီမြို့ဟောင်းနှင့် သီရိရတနာပူရမြို့ဟောင်းများ၏ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများနှင့် ဗိသုကာ လက်ရာများကို ယခုအခါ မုတ္တမမြို့ပြတိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ထိုမြို့ဟောင်းများ၏ မြို့ရိုးများကို လည်း လေ့လာတွေ့ရှိနိုင်သည်ဟု ဆိုသည်။

    ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများ ပြုလုပ်ကျင်းပခြင်းဖြင့် နောင်တချိန်၌ ယင်းမြို့ဟောင်းနေရာကိုတူးဖေါ်မည်ဆိုပါက အထောက်အကူများ ရရှိစေမည်ဖြစ်သည်။

    အလားတူ ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ ပထမအကြိမ်ဒေသတွင်း စာတမ်းဖတ်ပွဲကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှစတင်၍ ၂ ရက်တာ မွန်ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့်ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မော်လမြိုင်တက္ကသိုလ် ပါမော က္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ မြို့မိမြို့ဖများ၊ စာတမ်းရှင်များနှင့် ကျောင်းသူကျောင်းသားများ၊ စိတ်ပါဝင်စားသူများ ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks