spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရန်ကုန်တိုင်းမွန်တိုင်းရင်းသားဦးရေနှစ်သောင်းခန့်သာ ကောက်ခံရရှိသေး ...

    ရန်ကုန်တိုင်းမွန်တိုင်းရင်းသားဦးရေနှစ်သောင်းခန့်သာ ကောက်ခံရရှိသေး

    -

    အေမီအောင် – ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားလူဦးရေ အတိအကျသိရှိနိုင်ရန် စာရင်းကောက်ခံခဲ့ရာတွင် လူဦးရေ ၂ သောင်းခန့်ကောက်ခံရရှိသေးသည်ဟု မွန်လူဦးရေစာရင်းမှန်ရရှိရေး ဦးဆောင်ကော်မတီဝင်က ပြောသည်။

    အဆိုပါမွန်လူဦးရေ စာရင်းရနိုင်ရန် အစိုးရသတင်းစာ၊ တီဗွီကြော်ငြာ၊ လက်ကမ်းစာစောင်၊ တွေ့ဆုံပွဲများပြုလုပ်သော်လည်း မွန် လူမျိုးတစ်ချို့သည် စိတ်ဝင်စားမှုနည်းပါးခြင်း၊ ၄င်းကြော်ငြာနှင့် စာစောင်များကို လက်လှမ်းမမှီခြင်းတို့ကြောင့် မျှော်မှန်းသလောက်မရရှိခဲ့ဟု မွန်လူဦးရေစာရင်းမှန်ရရှိရေး ဦးဆောင်ကော်မတီဝင် မိခင်လေးမြင့်က ပြောသည်။

    ရန်ကုန် မွန်လူဦးရေစာရင်း မှန်ရရှိရေး ဦးဆောင်ကော်မတီ အစည်းအဝေး(Internet)
    ရန်ကုန် မွန်လူဦးရေစာရင်း မှန်ရရှိရေး ဦးဆောင်ကော်မတီ အစည်းအဝေး(Internet)
    မိခင်လေးမြင့်က “ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ၂ ခုစလုံးမွန်ဖြစ်တယ် ဒါပေမဲ့ ဧည့်စာရင်းနဲ့နေတယ်၊ မွန်လူမျိုးစာရင်းတော့ရှိတယ် ကောက်လို့မရဘူးဖြစ်နေတယ်၊ တစ်ချို့က မှတ်ပုံတင်ပျောက်လို့ ပြန်လုပ်တော့ ဗမာဖြစ်သွားတာရယ် အခက်ခဲတွေများကြီးရှိတယ်” ဟုပြောသည်။

    ထိုသို့ကောက်ခံရာတွင် သြဂုတ်လ မှ ဒီဇင်ဘာလအထိ သတ်မှတ်ထားသော်လည်း မျှော်မှန်းထားသည့်အတိုင်းမပြည့်ပါက ၂၀၁၄ ဇန်နဝါရီလအထိ ဆက်လက်ကောက်သွားမည်ဟု သူမက ဆက်ပြောသည်။

    သင်္ကန်ကျွန်းမြို့နယ် နေထိုင်သူတစ်ဦးက “ကျမတို့ကပဲအိမ်မှာမရှိလို့လား၊ သူတို့အဖွဲ့က မရောက်လို့လား မသိဘူး၊ လူမရှိတဲ့အိမ်တွေမှာဆိုရင် လက်ကမ်းစာစောင် အိမ်ရှေ့မှာချိတ်ထားစေချင်တာပေါ့နော်၊ကျမ တို့လည်းမွန်ပဲလေး မွန်စာရင်းထဲမှာပါချင်တာပေါ့နော်” ဟုပြောသည်။

    သန်းခေါင်စာရင်းပြောင်းသည်ဖြစ်စေ မပြောင်းသည်ဖြစ်စေ၊ မွန်လူမျိုးစာရင်းရှိသူတိုင်းကို အတည်ယူရန်နှင့် နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်)၌ လူမျိုးနေရာတွင် မွန် -ဗမာဖြစ်နေခြင်း၊ သန်းခေါင်စာရင်းပြောင်းလို သည့် မွန်လူမျိုးများအတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန (လဝက) များထံတွင် တစ်နေ့တည်းပြီးစီးအောင် ပြုလုပ်ပေးရန်စီစဉ်နေသည်ဟု သိရသည်။

    ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းတွင်နေထိုင်သူ မင်းလဝီက “ကျနော်တို့အိမ်ကို ကျောင်းသားလူငယ်အဖွဲ့က မှတ်ပုံတင် သန်းခေါင်စာရင်းတောင်းတယ် အိမ်တိုင်ရာရောက် စာရင်းလာ ကောက်သွားတယ်” ဟုပြောသည်။

    အလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးဖြင့်ဖွဲ့စည်းထားသော မွန်လူဦးရေစာရင်းအမှန်ရရှိရေး ကော်မတီရုံးကို ရန်ကုန်မြို့ ၊ ရွှေတိဂုံတောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျှက်ရှိသည့် မွန်မိသားစုဝင်စာရင်းကောက်ခံသွားမည်ဖြစ်သည်။

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ မွန်ဘုန်းကြီးကျောင်းများ၊ မြို့နယ်အသင်းများ၊ မွန် သာရေး နာရေး အသင်းအဖွဲ့များ၊ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီတို့ထံတွင် မွန်လူဦးရေစာရင်းအမှန်ရရှိရေးအဖွဲ့က စာရင်းဆက်လက်ကောက်ယူသွားမည်ဟုသိရသည်။

    ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးအသီးသီး၌ မွန်တိုင်းရင်းသားဦးရေ ၆ သောင်းမပြည့်ဟု ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာအမတ်နေရာ ရွေးချယ်ခွင့်မရခဲ့ပေ။

    နိုင်ငံတော်တွင် လူဦးရေစုစုပေါင်း သုညဒသမ တစ်ရာခိုင်နှုန်းနှင့် အထက်ရှိပါက သက်ဆိုင်ရာ သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စာလှယ်ရွေးချယ်တင်မြှောက်ခွင့်ရှိသည်ဟု ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ (ခ)တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks