spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဆီးဂိမ်းပြိုင်ပွဲရံပုံငွေအတွက် ရပ်/ကျေးအလိုက်ပေးသွင်းရန် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးတောင်းခံ

    ဆီးဂိမ်းပြိုင်ပွဲရံပုံငွေအတွက် ရပ်/ကျေးအလိုက်ပေးသွင်းရန် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးတောင်းခံ

    -

    မြန်မာဖုန်း ဆင်းကဒ်များ(Thanbyuzayat Watch )
    မြန်မာဖုန်း ဆင်းကဒ်များ(Thanbyuzayat Watch )
    မင်းသုတ – (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ ရန်ပုံငွေအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရပ်/ ကျေးတစ်ခုစီအလိုက် ငွေကျပ်တစ်သိန်းပေးသွင်းရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက တောင်းခံထားကြောင်း အမည်မဖေါ်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

    ထို့အတူ သံဖြူဇရပ်မြို့၌ လာမည့်နိုဝင်ဘာလတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဘော်လုံးပြိုင်ပွဲကျင်းပရေးအတွက် ရပ်/ကျေး တစ်ခုစီအလိုက် ရံပုံငွေကျပ်သုံးသိန်း ပေးသွင်းကြရန်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးတွင်ထပ်လောင်းမှာကြားခဲ့ကြောင်း ၄င်းကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

    သူက “ ဒီလအတွက် မြန်မာ့ ဆက်သွယ်ရေး MPT က တန်ဖိုးနည်း GSM ဖုန်းကဒ် မဲစနှစ်နဲ့တစ်ကဒ် ၁၅၀ဝ ကျပ် ရောင်းချပေးနေတဲ့ဟာကို ရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တိုင်းက ၆ ကဒ်စီဖယ်ပြီး ပြင်ပပေါက်ဈေး ကျပ်တစ်သိန်းရောင်းချဖို့၊ အဲဒီနည်းလမ်းနဲ့ ရံပုံငွေရှာဖို့ သဘောတူကြတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၁၀နာရီ အချိန်တွင် သံဖြူဇရပ်မြို့ အထွေထွေ အုပ်ချူပ်ရေးဦးစီးရုံး၌ မြို့နယ်လက်အောက်ရှိ ကျေးရာ/ ရပ်ကွက် အုပ်ချူပ်ရေးမှူး (၄၁)ဦးတို့အား သန့်ရှင်းသောအစိုးရ၊ ကောင်မွန်သောအစိုးရ ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်စဉ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက ရံပုံငွေရှာဖွေရေးနည်းလမ်းညွှန်ပြခဲ့သည်ဟု သိရသည်။

    အလားတူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံပြည်သူများအတွက် ဖုန်းဆင်းကဒ် ဖြန့်ဝေရောင်းချခဲ့ရာတွင် ဆင်းကဒ် (၄၅)ကဒ်ကို ပြင်ပ၌ရောင်းချခဲ့ခြင်း၊ လုပ်ငန်းရှင်များအတွက် ဆင်းကဒ်(၁၂၀)ကို ဖြန့်ဝေပေးခဲ့ခြင်း၊ ဆိုကရေးတီးပြိုင်ပွဲဝင် ယိမ်းသမများအတွက် ဆင်းကဒ်(၃၀)ကို ဖြန့်ဝေပေးခြင်း စသည့်မမှန်မကန်ဆောင်ရွက်ခဲ့သောကိစ္စရပ်များကို အမြန်စစ်ဆေးပြီး အပြစ်ပေးအရေးယူရန် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက မွန်ပြည်နယ်လွှတ်တော်ဥက္ကဌမှတဆင့် ပြည်နယ်အစိုးထံသို့ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယအပတ်တွင် တင်ပြတောင်းဆိုခဲ့သည်။

    “ကျနော့်တင်ပြတောင်းဆိုချက်တွေ ဒီနေ့အထိ ဘာမှထူးခြားမှုမရှိသေးပါ။ အောက်တိုဘာ (၂၂) ရက်နေ့ အထိဘာမျှမလုပ်ပေးနိုင်ပါက ကျွန်တော့်အနေဖြင့် ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြ အရေးဆိုသွားမယ်၊ လွှတ်တော်ရေးရာကော်မတီအစည်းအဝေးမှာလည်း ဒီကိစ္စပြန်လည်ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌကြီးက နောက်ထပ် (၃-၄)ရက်ခန့် စောင့်ဆိုင်းပေးဖို့ ကျွန်တော့်ကို မေတ္တာရပ်ခံခဲ့ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက သူ၏လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Facebook တွင် ရေးသားထားသည်။

    ထို့နောက် ဒေါက်တာအောင်နိုင်ဦးအား မွန်ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ့ဆုံခဲ့ပြီး သူတို့အနေဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယခုအခါခရိုင်ရုံးမှ စစ်ဆေးတွေ့ရှိချက်များပေးပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် ထိရောက်သောဆောင်ရွက်ချက်များကိုလည်း ပြုလုပ်ပေးသွားပါမည် ဖြစ်သည့်အတွက် ခေတ္တမျှစောင့်ဆိုင်းပေးရန် ထပ်မံမေတ္တာရပ်ခံခဲ့သည်ဟု ၄င်း၏ လူမှုကွန်ယက်အင်တာနက်စာမျက်နှာ ဆက်လက်ဖော်ပြထားသည်။

    သို့ရာတွင် အောက်တိုဘာ ၂၅ ရက်နေ့စွဲဖြင့် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်း လက်မှတ်ရေးထိုး၍ ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးအား မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့မှ တန်ဘိုးနည်းဖုန်းကဒ်ခွဲဝေမှုအပေါ် အင်တာနက်သတင်းပါရှိသည့်ကိစ္စနှင့် ဆွေးနွေးမေးမြန်းရန် အကြောင်းကြားခဲ့သည်။

    “အင်တာနက်ပေါ်က ဖုန်းသတင်းကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့(အောက်တိုဘာ ၂၆) မှာ (၂)နာရီခန့်အကြာ ကျွန်တော့်ကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်မြေအတွင်း ပြည်သူလူထုများရဲ့ ဆန္ဒအတိုင်း တစ်လုံးမကျန် အမှန်အတိုင်း ဖြေကြားခဲ့ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက သူ၏ လူမှုကွန်ယက်အင်တာနက်စာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။

    အုပ်ချုပ်ရေးဌာနအရာရှိများက သက်ဆိုင်ရာမဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ခေါ်ယူဆွေးနွေးမေးမြန်းခြင်း ဖြစ်သည်။

    ယခုနှစ် ဧပြီလ ၂၂ ရက်နေ့မှစတင်၍ မြန်မာ့ ဆက်သွယ်ရေး MPT က ၁၅၀ဝ ကျပ် တန်ဖိုးနည်း GSM, WCDMA, CDMA ဆင်းကဒ်များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် သုံးစွဲသူလူထုအရောက် လစဉ်ခွဲတမ်းစနစ်ဖြင့်ရောင်းချလျှက်ရှိရာ အပြင်ပေါက်ဈေး ဆင်းကဒ်တစ်ကဒ် တစ်သိန်းကျပ်ဝန်းကျင် ဈေးပေါက်နေသဖြင့် မသမာမှုများဖြစ် ဆက်လက်ဖြစ်ပေါ်နေကြောင်း သတင်းများတွင် ရေးသားဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks