spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မှ လျှပ်စစ်စက်ရုံ ရွေ့ပြောင်းမည့်အစီအစဉ် မွန်အမတ်ကန့်ကွက်

    မွန်ပြည်နယ်မှ လျှပ်စစ်စက်ရုံ ရွေ့ပြောင်းမည့်အစီအစဉ် မွန်အမတ်ကန့်ကွက်

    -

    မွန်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုး(Myo Tint Lyin)
    မွန်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုး(Myo Tint Lyin)
    မင်းသုတ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၅၀ မီဂါဝပ်ရှိ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရေးစီမံကိန်းအား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ပြောင်းလဲတည်ဆောက်ခွင့်ရရှိရေး လျှပ်စစ်ဝန်ကြီးရှင်းလင်းတင်ပြချက်ကို မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ခဲ့သည်။

    ဒေါက်တာဗညားအောင်မိုးက “သားတစ်ယောက်ပါးစပ်ထဲရောက်နေတဲ့ ထမင်းလုတ်ကို နောက်သားတစ်ယောက်ပါးစပ်ထဲ ပြောင်းလဲထည့်လိုက်တဲ့မိဘတစ်ယောက်အပေါ် သားသမီးတွေ ဘယ်လိုမြင်မလဲ၊ မောင်နှစ်မအချင်းချင်း ဘယ်လိုဖြစ်ကြမှာလဲ၊ စိတ်ဝမ်းကွဲမှုတွေ မဖြစ်နိုင်ဘူးလား” ဟု ဥပမာဖြင့်လွှတ်တော်တွင်း တင်ပြခဲ့ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောသည်။

    ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်အရ တရုပ်ပြည်သူ့သမ္မတနိုင်ငံမှ EXIM Bank of China ချေးငွေအမေရိကန်ဒေါ်လာ ၅၇.၁ သန်းဖြင့် မော်လမြိုင်မြို့တွင် ၅၀ မဂ္ဂါဝပ်ရှိ သဘာဝဓါတ်ငွေ့သုံး လျပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရေးအစီစဉ်ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ပြောင်းလဲတည်ဆောက်ခွင့်ရရှိရေး သမ္မတ၏သဝဏ်လွှာအား လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ရှင်းလင်းတင်ပြမှုအပေါ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ လွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုး ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

    “မော်လမြိုင်မှာ လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့စက်ရုံတည်ဆောက်တာဟာ မွန်ပြည်နယ်တစ်ခုအတွက် မဟုတ်ပါဘူး၊ အနီးအနားမှာရှိတဲ့ ကရင်ပြည်နယ်ကိုလည်း လျှပ်စစ်ဓါတ်အားတွေခဲ့ပေးဖို့ လျာထားပြီးသားပါ၊ တကယ်လို့ မွန်ပြည်နယ်မှာ လျှပ်စစ်ဓါတ်အား ပိုလျှံခဲ့မယ်ဆိုရင်လည်း မဟာဓါတ်အားလိုင်းကနေပြီး တစ်ပြည်လုံးအတွက် ခွဲဝေပေးသွားမှာပါ” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    သို့ရာတွင် လက်ရှိအခြေအနေ၌ မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထမီးလင်းရေးအစီအစဉ်ဖြင့် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၇၀ဝ ခန့် အစိုးရသတ်မှတ်နှုန်းထားထက် ၁၀ ဆကျော် ဝယ်ယူသုံးစွဲနေရဆဲဖြစ်သည်ဟု သူက ထောက်ပြသည်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အမျိုးသားလွှတ်တော်အမတ် မင်းမျိုးတင့်လွင်က “လျှပ်စစ်ဓါတ်အားရပါပြီ ထားတော့၊ သုံးစွဲတဲ့နေရာအရောက် ပို့နိုင်ဖို့ ဓါတ်ကြိုး၊ မီးတိုင်ကိစ္စတွေရှိသေးတယ်၊ အခု ဘာမှ ပြင်ဆင်ထားတာ မတွေ့ရသေးပါဘူး၊ မီးကြီုးသွယ်တန်းနိုင်ဖို့ စိုက်ပျိုးထားတဲ့ ခြံပိုင်ရှင်တွေနဲ့လည်း စကားပြောရပါဦးမယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၂၀၁၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း ထွက်ရှိလာမည့်လျှပ်စစ်ဓါတ်အားများ သုံးစွဲသူများအရောက် ဖြန့်ဖြူးနိုင်ရန် လိုအပ်သည့် လျှပ်စစ်ဝါယာကြိုး၊ ဓါတ်တိုင်၊ ဓါတ်အားခွဲဝေမှုစနစ် ကြိုတင်ဆောင်ရွက်ထားခြင်း မရှိသေးဟု သိရသည်။

    အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သောပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပဉ္စမမြောက်အစည်းအဝေး၌ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ခေတ္တဆိုင်းငံ့ထားရှိရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကို လျှပ်စစ်မီးရရှိစေပြီး မူလမော်လမြိုင်ဒေသနှင့် မွန်ပြည်နယ်အတွက် ဆောင်ရွက်ပေးရန်ကိစ္စကိုလည်း အဆင်ပြေစေရန်နှင့် သားရွှေအိုးထမ်းလာသည့်အစီအစဉ်ကို ဆောင်ရွက်ပေးပါရန် နိုင်ငံတော်သမ္မတထံသို့ ပြန်ကြားနိုင်ရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး မှတ်တမ်းတင်ဆောင်ရွက်ခဲ့သည်ဟု ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ရေးသားဖေါ်ပြသည်။

    မွန်ပြည်နယ်အတွက် ပြည်ထောင်စုလွှတ်တော်က လျှပ်စစ်ဓါတ်အားပေးစီမံကိန်းများ ဆောက်လုပ်ခွင့်ပြုထားသော်လည်း လက်ရှိမြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ နေရာအတွက် တစ်ဦးကျဘက်ဂျက် သုံးစွဲခွင့်ရရှိရာ၌ ရန်ကုန်တိုင်း ဒေသကြီးသည် အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ဒုတိယအနိမ့်ဆုံးဖြစ်ကာ ပဲခူးတိုင်းဒေသကြီးတွင်သုံးစွဲခွင့်အနိမ့်ဆုံး ရရှိသည်ဟု The Asia Foundation အစီရင်ခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts