spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းအစိုးရတပ်က မွန်ပြည်သစ်ပါတီ စခန်းတစ်ခုအား ထပ်မံပြောင်းရွေ့ခိုင်းပြန်ပြီ

    အစိုးရတပ်က မွန်ပြည်သစ်ပါတီ စခန်းတစ်ခုအား ထပ်မံပြောင်းရွေ့ခိုင်းပြန်ပြီ

    -

    ရဲတံခွန် မွန်ပြည်သစ်ပါတီစခန်း(IMNA)
    ရဲတံခွန် မွန်ပြည်သစ်ပါတီစခန်း(IMNA)
    မင်းသုတ၊ နိုင်မာန် – သံဖြူဇရပ်၊ ဘုရားသုံးဆူကားလမ်းဘေးရှိ ရဲတံခွန်မွန်ပြည်သစ်ပါတီတပ်စခန်းတစ်ခုအား အတင်းအကြပ်ဖယ်ရှားပြီးနောက် ၄ ရက်အကြာတွင် ဂျပန်တောင်မွန်ပြည်သစ်တပ်စခန်းကိုလည်း ထပ်မံပြောင်းရွေ့ရန် ဒေသရှိအစိုးရတပ်ဖွဲ့က ဖိအားပေးပြန်သဖြင့် နှစ်ဖက်တပ်ဖွဲ့ကြား အခြေအနေတင်းမာလျှက် ရှိသည်။

    ဝဲကလိအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှ ဗိုလ်မှူးကြီးအောင်မင်း ဦးစီးတပ်ဖွဲ့အင်အား ၁၀ဝ ခန့်သည် သံဖြူဇရပ်၊ ရဲတံခွန်-ဘုရားသုံးဆူကားလမ်းဘေးရှိ ဂျပန်တောင် မွန်ပြည်သစ်ပါတီတပ်စခန်းသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့လည်ပိုင်းတွင် ရောက်ရှိလာပြီး တပ်စခန်းပြောင်းရွေ့ရန်အတွက် ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၊ သံဖြူဇရပ်မြို့နယ်တပ်မှူး ဗိုလ်ကြီးဗညားတွတ်က ပြောသည်။

    ဗိုလ်ကြီးဗညားတွတ်က “အဲဒီဗမာစစ်တပ်အရာရှိပြောတာက ဒီအနီးအနားတဝိုက်မှာ မွန်တပ်ဖွဲ့တွေနေခွင့်မပြုဘူးတဲ့၊ ကျနော်ကလည်း ဒီစခန်းကနေ ဆုတ်ခွာဖို့ အထက်ကပေးတာအမိန့်မရှိဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ဆိုသည်။

    ယင်းတို့ နှစ်ဖက်တပ်ဖွဲ့အရာရှိများ တစ်နာရီခွဲခန့် အခြေအတင်စကားပြောဆိုနေကြစဉ်တွင် နှစ်ဖက်တပ်ဖွဲ့ဝင်များက အပြန်အလှန်ပစ်ခတ်နိုင်ရန် အသင့်အနေအထား နေရာယူထားသည်ဟုလည်း မွန်ပြည်သစ်ပါတီ သံဖြူဇရပ်မြို့နယ် အတွင်းရေးမှူး နိုင်ဟောင်းဂကောင်းက ပြောသည်။

    ထိုသို့ဆွေးနွေးကြစဉ် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ လုံးဝဆုတ်ခွာမည်မဟုတ်ကြောင်း ယတိပြတ်ပြောခဲ့ပြီးနောက် မြန်မာအစိုးရတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခြင်း ဖြစ်သည်။

    သူက “အခုလိုပစ်မယ်ခတ်မယ်ဆိုတဲ့အထိဖြစ်တဲ့ပြဿနာက မြန်မာအစိုးရနဲ့ဖြစ်တာမဟုတ်ဘူး၊ ဗမာစစ်တပ်နဲ့ ဖြစ်တဲ့ပြဿနာ၊ အစိုးရစစ်တပ်ဟာ အပေါ်စီးကနေပြီး ကျနော်တို့ပါတီဝင်ရဲဘော်တွေကို အကြောင်းမရှိအကြောင်းရှာလာတာ၊ အပစ်ရပ်စဲမှုပျက်ပြယ်အောင် သူတို့ကြိုးပမ်းနေတာလို့ပဲ ကျနော်မြင်မိတယ်” ဟု ပြောသည်။

    ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီနှင့် နဝတစစ်အစိုးရ အပစ်ရပ်သဘောတူညီမှုရပြီးနောက် ဂျပန်တောင်စခန်းအား မွန်ပြည်သစ်ပါတီ သံဖြူဇရပ်မြို့နယ်ရုံးအဖြစ် ထားရှိခဲ့ခွင့်ရရှိခဲ့သည်။

    အလားတူ ဂျပန်တောင်စခန်းနှင့် တစ်မိုင်ကျော်ဝေးကွာသည့် ရဲတံခွန်မွန်ပြည်သစ်ပါတီတပ်စခန်းတစ်ခုကိုလည်း ယခုလ ၈ ရက်နေ့တွင် မြန်မာစစ်တပ်က အတင်းအကြပ်ပြောင်းရွေ့စေခဲ့ပြီး ဖြစ်သည်။

    အဆိုပါစခန်းမှရွေ့ပြောင်းခဲ့သော မွန်ပြည်သစ်တပ်ဖွဲ့ဝင်တို့သည် ဇီးနှစ်ပင်ဂိတ်စခန်းနှင့် ဂျပန်တောင်စခန်းသို့ ရောက်ရှိလာပြီး ၄ ရက်အကြာတွင် နေရာထပ်မံပြောင်းရွေ့ရန် ထပ်မံဖိအားပေးခံရခြင်း ဖြစ်သည်။

    “ကျနော်တို့ပဲ သေနတ်စပြီးအရင်ပစ်မလား၊ သူတို့ပဲ စပစ်မလား ပစ်မိန့်ကိုပဲစောင့်နေကြတယ်၊ ဒီစခန်းက လုံးဝမဆုတ်နိုင်ဘူးဆိုပြီး တင်းခံနေတော့ နောက်ဆုံးသူတို့လက်လျှော့ပြီး ပြန်သွားတယ်၊ ဒါပေမယ့် သတိနဲ့စောင့်ကြည့်နေရတုန်းပဲ” ဟု မွန်ရဲဘော်နိုင်ထောက ပြောသည်။

    အလားတူ တနင်္သာရီတိုင်း မြိတ်ခရိုင်အခြေစိုက် သုမင်္ဂလံရွာမွန်ပြည်သစ်ပါတီစခန်းတစ်ခုအား ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ မြန်မာစစ်တပ်ဝင်ရောက်ပစ်ခတ်သဖြင့် မွန်ပြည်သစ်ရဲဘော် ၂ ဦးကျဆုံးခဲ့ရပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

    ထို့အပြင် မြိတ်ခရိုင်တပ်ဖွဲ့ဝင် မွန်ပြည်သစ်ရဲဘော် ၂ ဦး၊ ရဲဘော်ဇနီးတစ်ဦးတို့အား မြန်မာစစ်တပ်ဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇-၁) ဖြင့် ကော့သောင်းအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း သက်ဆိုင်ရာမွန်ပြည်သစ်ပါတီသတင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks